မြန်မာစာနှင့် ပါဠိ(၅)

၁၉ စက်တင်လာ

အရင်အပတ်က ပါဠိမြန်မာ နိဿယ အကြောင်း စပြောခဲ့ကြတယ်နော်

ဟုတ်ပါတယ် ဆရာ။ ပုဂံခေတ်ကျောက်စာ တစ်ခုမှာ ပါဠိမြန်မာနိဿယအရေးအသား တွေ့ရ တဲ့အကြောင်းပါ

အင်းဝခေတ်မှာတော့ အဲဒီနိဿယ အရေး အသားကို တွင်တွင်ကျယ်ကျယ် သုံးနေပြီလေ။ မင်း နိဿယအကြောင်း လေ့လာမယ်ဆိုရင် မလွဲမသွေလေ့လာရမယ့် စာတမ်း ၂ စောင် ရှိတယ်။ အဲဒါ မှတ်ထားပြီး လေ့လာဖို့ပဲ

ဘယ်စာတမ်းတွေပါလဲ ဆရာ

တစ်ခုက ပါမောက္ခဦးတင်လွင် ပြုစုတဲ့ ‘ပါဠိ မြန်မာနိဿယကျမ်းများ ဆိုတဲ့ စာတမ်းပဲ။ ဆရာကြီး ဦးတင်လွင်က မန္တလေးဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှာ အရှေ့တိုင်းပညာ ပါမောက္ခအဖြစ် ဆောင်ရွက်နေတုန်း အဲဒီစာတမ်းကို ဖတ်တာလေ။ စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် ဖတ်တာပါ။ အဲဒီစာတမ်းတွေစုပြီး ‘လူ့မိတ်ဆွေစာအုပ်ဆိုတဲ့ နာမည်နဲ့ မန္တလေးလူထုတိုက်က ပုံနှိပ်ထားတာ

ဟုတ်ကဲ့ပါဆရာ။ ရှာဖတ်ပါ့မယ်

နောက်စာတမ်းတစ်စောင်က အင်္ဂလိပ်လို ပြုစုထားတာ။ စာတမ်းခေါင်းစဉ်က Nissaya Burmese တဲ့ ‘နိဿယမြန်မာဘာသာ ပေါ့။ ပြုစုတဲ့ ပုဂ္ဂိုလ်က မကြာခင်ကမှ ကွယ်လွန်သွားတဲ့ဆရာ John Okell ဂျွန်အိုကယ်ပါ။ မြန်မာဘာသာစာပေ နှံ့စပ်တဲ့ ပညာရှင်ကြီးပါ။ လန်ဒန်တက္ကသိုလ်က အရှေ့တိုင်းနဲ့ အာဖရိကပညာဌာနမှာ နှစ်ပေါင်း များစွာ ပို့ချခဲ့တဲ့ဆရာကြီးပါ။ စာအုပ်စာတမ်းတွေလဲ အများကြီး ရေးခဲ့တယ်

ဆရာကြီး ဂျွန်အိုကယ်အကြောင်း ကြားဖူး ပါတယ် ဆရာ

အဲဒီစာတမ်းတွေမှာ လေ့လာကြည့်ရင် ပါဠိ မြန်မာနိဿယအကြောင်း ပြည့်ပြည့်စုံစုံ သိရမှာ ပေါ့

ဟုတ်ကဲ့၊ လေ့လာပါ့မယ်ဆရာ။ ဆရာကြီး ဦးတင်လွင်နဲ့လဲ မသင်ဘူးပေမဲ့ ဆရာကြီး အကြောင်း ကြားဖူးပါတယ် ဆရာ

အေး...ဆရာကြီးလဲ အငြိမ်းစားယူပြီး မြန်မာ စာအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် နှစ်တော်တော်ကြာကြာ ဆောင်ရွက်သေးတယ်။ ကွယ်လွန်သွားတာ ဆယ်နှစ်လောက်တောင်ရှိပြီ ထင်ပါရဲ့

ဟုတ်ကဲ့ပါ

မြန်မာစကားအပေါ် ပါဠိစကားက ဘယ်လောက်နက်နက်ရှိုင်းရှိုင်း ဩဇာသက်ရောက် တယ်ဆိုတာ အဲဒီနိဿယတွေက သက်သေပြနေ တယ်

ရှင်းပြပါအုံး ဆရာ

နိဿယတွေဟာ ရှေးခေတ်က စာပေသင် ကြားရာမှာ အင်မတန် အရေးပါတာပေါ့ကွယ်။ အထူးသဖြင့် ဘုန်းတော်ကြီးကျောင်း သင်ရိုးတွေမှာ နိဿယတွေ မပါမဖြစ် ပါရတာပေါ့။ ဆရာတော် ကြီးတွေက နိဿယ ဘာသာပြန်ကျမ်းတွေ ပြုစု တယ်။ စာသင်သားတွေကို သင်ကြားပို့ချပေးတယ်

ဟုတ်ကဲ့

စာသင်သားတွေအဖို့ ပါဠိတစ်ပုဒ်၊ မြန်မာ တစ်ပုဒ် ဘာသာပြန်ထားတဲ့ နိဿယတွေဟာ ပါဠိကို မြန်မာဘာသာပြန်ထားတဲ့ အဘိဓာန်လဲ ဖြစ်တယ်။ ပါဠိသဒ္ဒါအနေအထားနဲ့၊ မြန်မာသဒ္ဒါ အနေအထားနဲ့ အံကိုက်အောင် ဘာသာပြန်ရတာမို့ နိဿယကို ပါဠိသဒ္ဒါလို့လဲ မှတ်ယူနိုင်တယ်။ ဘာသာစကားနှစ်ခု ဆက်သွယ်ရာက ပေါ်လာတဲ့ အရေးအသားဖြစ်နေလို့ စိတ်ဝင်စားစရာ ကောင်းတာပေါ့ကွယ်

ဟုတ်ကဲ့ပါ

ပညာရှင်တွေက ဆိုတယ်။ နိဿယတွေမှာ ပါဠိဘာသာက မြန်မာဘာသာကို မသိမသာ ဘောင်ခတ်ခဲ့တယ်တဲ့။ အရင်းခံတဲ့ ပါဠိဘာသာရဲ့ သွင်ပြင်အတိုင်း မြန်မာဘာသာက လိုက်ပြီး ဘာသာပြန်ရတာ မဟုတ်လား။ ဒီတော့ ပါဠိ ဘာသာရဲ့ဝိဘတ်တွေနဲ့ ကိုက်အောင် မြန်မာ ဘာသာရဲ့နောက်ဆက်တွေကို အသုံးပြုရတာပေါ့။ ဒါကြောင့် ရှေးခေတ်က စကားပြေတွေဟာ ပါဠိ နိဿယဆန်တဲ့ စကားပြေတွေဖြစ်နေတယ်လို့ ပညာရှင်တွေက ထောက်ပြကြတယ်

ဟုတ်ကဲ့ပါ

အသေးစိတ်ပြောဖို့တော့ မလွယ်ဘူးပေါ့။ ရှေးခေတ်အရေးအသားတွေထဲမှာ ‘သေပြီးသော အသက်ရှိသောဆိုတဲ့ အရေးအသားမျိုးက မြန်မာ စာအနေနဲ့ ထူးခြားမနေဘူးလား။ သေတယ်လို့ လဲပြောတယ်၊ အသက်ရှိတယ်လို့လဲ ပြောတယ်။ တကယ်တော့ သေပြီးတာကို ဆိုလိုတာပါ။ ပါဠိ စကား အသွားအလာအတိုင်း ဘာသာပြန်တော့ ‘သေပြီးသော အသက်ရှိသော တို့ ၊ ‘သတ်အပ်သော ရာဂရှိသောတို့ ဆိုတဲ့ အသုံးမျိုးတွေ တွေ့ရတာပေါ့။ မြန်မာစကားမှာ ပြောစမှတ်ပြုရတဲ့ အမှားတစ်ခု ရှိတယ်။ အဲဒီလို ဘာသာပြန်တာကို အဓိပ္ပာယ် မပေါက်လို့ မှားတာလေ

ပြောပြပါ ဆရာ

ရှေးစာပေတွေမှာ ‘တစ်ခုယုတ် ကိုးဆယ် ဆိုတဲ့ အသုံးရှိတယ်။ ပါဠိလို ‘ဧကူန နဂုတိကို မြန်မာပြန်ထားတာလေ။ ကိုးဆယ်မှာ တစ်ခု လျော့တယ်လို့ ဆိုလိုတာ။ ဒီတော့ ဘယ်လောက် ဖြစ်မလဲ

ရှစ်ဆယ့်ကိုးပေါ့ ဆရာ

ဟုတ်တယ် စိတ်အရေအတွက်ကို ပြောရာမှာ ၈၉ ခုကို ‘စိတ်တစ်ခုယုတ် ကိုးဆယ် ၊ ‘ တစ်ခု ယုတ် ကိုးဆယ်သောစိတ် လို့ သုံးကြတာကိုး

ဟုတ်ကဲ့

ဒီတော့ သေသေချာချာ မသိတဲ့သူက ‘စိတ် တစ်ခုယုတ် ကိုးဆယ်ကို ‘စိတ်တစ်ခု ရုပ်ကိုးဆယ် ထင်ပြီး စိတ်က တစ်ခုတည်းရှိတယ်၊ ရုပ်က ကိုးဆယ်တောင်ရှိတယ်လို့ ပြောတာမျိုး တွေ မင်းလဲကြားဖူးမှာပါ

ကြားဖူးပါတယ် ဆရာ

စကားဆက်ရရင် နိဿယမြန်မာဘာသာဟာ မြန်မာဘာသာ၊ ပါဠိဘာသာလေ့လာမှုမှာ အများ ကြီး အထောက်အကူ ပြုတာပေါ့ကွယ်။ ရှေးက ပညာရှင်တွေဟာ နိဿယတွေကို ကျေကျေ ညက်ညက် လေ့လာခဲ့ကြရတာပေါ့

ဟုတ်ကဲ့ပါ

နိဿယရဲ့ဩဇာက ခုခေတ်အထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းပဲလေ။ ‘ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏ ဆိုပြီး ငါးပါးသီလယူရာမှာ နိဿယတွေကို ရွတ်ဆိုရတာပဲ မဟုတ်လား။ ပါဏာတိပါတာ၊ သူ့အသက်ကိုသတ်ခြင်းမှ၊ ဝေရာ မဏိသိက္ခာပဒံ၊ ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်ကို၊ သမာဓိယာမိ၊ ကောင်းစွာ ဆောက်တည်ပါ၏ ဆိုပြီးတော့လဲ နိဿယပြန်ပြီး ဆိုရတာပဲလေ

ဟုတ်ပါတယ် ဆရာ

ပရိတ်ကြီး ၁၁ သုတ် ဆိုပါတော့။ အဲဒီပရိတ် တော်တွေ အကြောင်းပြောရင် ‘ရတနသုတ်ကို ပါဠိပဲ မကျက်နဲ့။ အနက်ပါကျက်။ ဒါမှ နားလည် မယ် လို့ ပြောကြတယ်လေ။ အနက်ဆိုတာက ပါဠိကို နိဿယပြန်ထားတဲ့ မြန်မာအနက် အဓိပ္ပာယ်ကို ဆိုလိုတာ မဟုတ်လား

ဟုတ်ပါတယ်ဆရာ

ပြောစကားထဲမှာတောင် နိဿယပုံစံတွေ ပါနေတာ ဆရာတို့ အဖေ၊ အမေတွေ လက်ထက်ကပြောတဲ့ စကားတွေမှာ ကြားရ တယ်။ ‘ကျွန်မရဲ့ ဧကပုတ္တတစ်ဦးတည်းသော သားကလေးပါဆိုတာမျိုး၊ သူကတော့ ကေဝလ ကပ္ပံအလုံးစုံလုပ်ပေးတာပါပဲ ဆိုတာမျိုးတွေ လေ။ ခုခေတ်တော့ သိပ်မကြားရတော့ဘူး

ဒါထက်ဆရာ၊ အဲဒီပါဠိမြန်မာနိဿယတွေ ဘယ်တုန်းကစပြီး တွင်တွင်ကျယ်ကျယ် သုံးလာ တာပါလဲဆရာ

ခုနဆရာပြောတဲ့ စာတမ်း ၂ စောင်ကို အေးအေးဆေးဆေး ဖတ်ကြည့်ပေါ့ကွာ။ တစ်ခု ပြောရမှာက ဆရာဂျွန်အိုကယ်ရဲ့ အဆိုအမိန့်ပဲ။ ဆရာက ဘာပြောသလဲဆိုရင် ပုဂံကျောက်စာတွေ ကလွဲရင် မြန်မာစကားပြေဟာ ပါဠိ မြန်မာ နိဿယပုံစံနဲ့ စတင်ခဲ့တယ်... တဲ့

ဪ၊ ဟုတ်ကဲ့

ပုဂံခေတ်တုန်းကတော့ ဆရာပြောခဲ့သလို နိဿယ အရေးအသားမျိုး တစ်စွန်းတစ်စ တွေ့ရ တာပေါ့။ အင်းဝခေတ်မှာ အစောဆုံးတွေ့ရတဲ့ နိဿယအရေးအသားက ရှင်မဟာသီလဝံသရဲ့ ပါရမီတော်ခန်းပျို့မှာ ပျို့စာပိုဒ်တွေ မလာခင် အရင်ဖော်ပြတဲ့ ဗုဒ္ဓဝင်အဋ္ဌကထာနိဿယပဲလို့ ဆရာဂျွန်အိုကယ်က သာဓကပြတာ

ပျို့တွေမှာ နိဿယပါသလား ဆရာ

အေး၊ ပါရမီတော်ခန်းပျို့ကို ကြည့်ရင် ဘုရားရှင်က ရှင်သာရိပုတ္တရာကိုခေါ်တဲ့ အာလုပ် စကားကို ကဗျာနဲ့ ဖွဲ့ထားတာတွေ တွေ့မှာပေါ့။ အဲဒီစာပိုဒ်မတိုင်ခင် ဗုဒ္ဓဝင်ကို နိဿယပြန်ထား တာ ပါတယ်။ ‘ သာရိပုတ္တ၊ သာရိပုတ္တရာ ဝိစိနန္ဒော၊ စူးစမ်းဆင်ခြင်သော်၊ အဟံ၊ ငါသည် စသည်ဖြင့် ပေါ့။ ဂါထာနိဿယတစ်ပိုဒ်ရေးပြီးမှ အဲဒီဂါထာကို ပျို့အဖြစ် ချဲ့ပြီးဖွဲ့တာလေ။ ဒါနမူနာတစ်ခု ပြောတာပါ။ ဒီတော့ ပါရမီတော်ခန်းပျို့ဟာ စောတဲ့ပျို့တစ်စောင်မို့ အဲဒီမှာပါတဲ့ နိဿယဟာ လဲ အစောဆုံးနိဿယလို့ ယူဆနိုင်တာပေါ့။ ကဲ...နားကြရအောင်။ ။

မောင်ခင်မင် (ဓနုဖြူ)