မြန်မာဗိုဗီနမ် တက္ကသိုလ်အားကစားအဖွဲ့ ပထမနေ့တွင် ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခုရရှိ

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၈ အရှေ့တောင်အာရှ တက္ကသိုလ်အားကစား ပြိုင်ပွဲ၏ ဗိုဗီနမ်ပြိုင်ပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက စတင်ကျင်းပရာ မြန်မာဗိုဗီနမ်အဖွဲ့က ရွှေနှစ်ခု၊ ငွေနှစ်ခု ကြေးနှစ်ခု ဆွတ်ခူးရရှိခဲ့သည်။

 

ပြိုင်ပွဲပထမနေ့တွင် သရုပ်ပြပြိုင်ပွဲ သုံးမျိုးနှင့် အတိုက်ပြိုင်ပွဲ သုံးမျိုး ကျင်းပခဲ့ပြီး မြန်မာအသင်းသည် ပြိုင်ပွဲအားလုံး၌ ဆုတံဆိပ်ရယူနိုင်ခြင်းဖြစ်သည်။ အမျိုးသမီး တစ်ကိုယ်တော် လက်သိုင်းအပြပြိုင်ပွဲတွင် ခိုင်ဝါဖူး (မြန်မာ) က ၂၆၇ မှတ်ဖြင့် ရွှေတံဆိပ်ရပြီး ငုယင်သီဟွာ (ဗီယက်နမ်) က ၂၆၄ မှတ်ဖြင့် ငွေတံဆိပ်၊ ဆိုဆောဖီ (ကမ္ဘောဒီးယား)က ၂၆၁ မှတ်ဖြင့် ကြေးတံဆိပ်၊ အမျိုးသား လေးယောက်တွဲအပြပြိုင်ပွဲတွင် အောင်ခိုင်လင်၊ ဖြိုးမင်းစိုး၊ သီဟဇော်၊ ဟိန်းထက်အောင် (မြန်မာ) က ရွှေတံဆိပ်၊ ကမ္ဘောဒီးယားအတွဲက ငွေတံဆိပ်၊ ဗီယက်နမ်အတွဲက ကြေးတံဆိပ်၊ အမျိုးသား နှစ်ယောက်တွဲအပြပြိုင်ပွဲတွင် ကမ္ဘေားဒီးယားအတွဲက ရွှေတံဆိပ်၊ ဇော်ဇော်နှင့် ဇင်လင်းထွန်း (မြန်မာ) အတွဲက ငွေတံဆိပ်၊ ဗီယက်နမ်အတွဲက ကြေးတံဆိပ်ရရှိသည်။ အတိုက် အမျိုးသား ၅၁ ကီလိုတန်းတွင် တန်ဒင် (ကမ္ဘောဒီးယား) က ရွှေတံဆိပ်၊ ဆိုလီဆေ (လာအို) က ငွေတံဆိပ်၊ ဖြိုးထက်ကိုကို (မြန်မာ) က ကြေးတံဆိပ်၊ အမျိုးသား ၆၀ ကီလိုတန်းတွင် ဖန်သီတန် (ဗီယက်နမ်) က ရွှေတံဆိပ်၊ မြင့်မြတ်ဦး (မြန်မာ) က ငွေတံဆိပ်၊ နော့နန် (ကမ္ဘောဒီးယား)က ကြေးတံဆိပ်၊ အမျိုးသမီး (၅၁) ကီလိုတန်းတွင် ဒိုသူဟောင် (ဗီယက်နမ်) က ရွှေတံဆိပ်၊ ချမ်နန်ဂျစ် (ထိုင်း) က ငွေတံဆိပ်၊ ဇင်ဇင်ထွန်း (မြန်မာ) က ကြေးတံဆိပ်ရရှိခဲ့သည်။

 

ပြိုင်ပွဲ ဒုတိယနေ့ကို ဒီဇင်ဘာ ၁၇ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအပါအဝင် နိုင်ငံပေါင်းခြောက်နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်