မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်

နေပြည်တော် ၁၈ နိုဝင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ဝန်ထမ်းများအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား  Auditorium ခန်းမ၌  ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဒစ်ဂျစ်တယ် နည်းပညာတိုးတက်မှု မြန်ဆန်လာခဲ့သဖြင့် ပြည်သူအများစုမှာ သတင်းအချက်အလက်များ ရှာဖွေရန် နှင့် ဖျော်ဖြေ‌ရေး အစီအစဉ်များကိုကြည့်ရှုရန်အတွက် လက်ကိုင်ဖုန်းများပေါ်မှတစ်ဆင့် အင်တာနက်ပေါ်ရှိ အွန်လိုင်းမီဒီယာများ အသုံးပြုလာကြပါကြောင်း၊   အွန်လိုင်းမီဒီယာများတွင် သတင်းမှားများ၊ ကောလာဟလများ၊ အမုန်းစကားများ၊ မသမာသော ရည်ရွယ်ချက် ဖြင့်ထုတ်လွှင့် ထားသည့် သတင်းအတုများ စသည်တို့နှင့် ပြည့်နှက်နေသဖြင့် အွန်လိုင်းမီဒီယာ အသုံးပြုသူတိုင်း မီဒီယာ နှင့် သတင်းအချက်အလက် ဆိုင်ရာ သိနားလည်မှု ရှိရန်မှာ အလွန်းအရေးကြီးပါ ကြောင်း၊  အထူးသဖြင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိ သည့် အင်တာနက်သုံးစွဲသူများ ဖြစ်ရန် လိုအပ်သဖြင့် ယခုသင်တန်းကိုပို့ချရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၁၆၀)  တက်ရောက်ကြသည်။

 

သင်တန်းကို နိုဝင်ဘာ  (၁၉)ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး UNESCO နှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ ပညာရှင်များက သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု သိကောင်းစရာများကို ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)