မြန်မာအသင်းယှဉ်ပြိုင်မည့် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်

၁၇  နိုဝင်ဘာ 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၉ ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်းခြောက်သင်းသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သုံးသင်းနှစ်အုပ်စုခွဲ၍ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် ဖိလစ်ပိုင်၊ မြန်မာ၊ မလေးရှား၊ အုပ်စု (ခ) တွင် လက်ရှိချန်ပီယံဗီယက်နမ်၊ ထိုင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ပါဝင်နေသည်။

မြန်မာအသင်းသည် အုပ်စုအနေအထားအရ ပြိုင်ဘက်အသင်းများမှ အခက်အခဲမရှိနိုင်သော်လည်း ဖိလစ်ပိုင်အသင်းသည် အိမ်ရှင်အသင်းဖြစ်နေသောကြောင့် အဖွင့်ပွဲတွင် ရလဒ်ကောင်းရန် အာရုံစိုက်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် နိုဝင်ဘာ ၂၆ ရက်တွင် အိမ်ရှင်ဖိလစ်ပိုင်အသင်း၊ ဒီဇင်ဘာ ၂ ရက်တွင် မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၂၆၊ ၂၉ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ ဆီမီးဖိုင်နယ်ကို ဒီဇင်ဘာ ၅ ရက်၊ ဗိုလ်လုပွဲနှင့် တတိယလုပွဲကို ဒီဇင်ဘာ ၈ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။ 

မြန်မာအသင်းသည် ယင်းနှစ်သင်းနှင့် ၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်း တွေ့ဆုံခဲ့ပြီး မလေးရှားကို ငါးဂိုးပြတ်၊ ဖိလစ်ပိုင်ကို ခြောက်ဂိုးပြတ်အနိုင်ရခဲ့သည်။ ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ငါးသင်းသာရှိသောကြောင့် ပတ်လည်စနစ်ဖြင့် ကျင်းပခဲ့ပြီး ဗီယက်နမ်အသင်းက ရွှေတံဆိပ်၊ ထိုင်းအသင်းက ငွေတံဆိပ်နှင့် မြန်မာအသင်းက ကြေးတံဆိပ်တို့ ရရှိခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်တွင် အောင်မြင်မှုရရန်နှင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် ပစ်မှတ်ထားကြိုးပမ်းလျက်ရှိပြီး နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးက ကိုင်တွယ်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် နှစ်ဆန်းပိုင်းကတည်းက နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပြီး ဆီးဂိမ်းပြိုင်ပွဲအတွက်မူ စက်တင်ဘာလလယ်တွင် စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲလေးပွဲ၊ ပြည်တွင်းခြေစမ်းပွဲရှစ်ပွဲ ယှဉ်ပြိုင်ကစားလျက်ရှိသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်