မြန်မာအသင်းများယှဉ်ပြိုင်နေသည့် အာဆီယံအဆင့်ပြိုင်ပွဲများ ကပ်ရောဂါအပေါ်မူတည်၍ ကျင်းပမည့်ရက် အတည်ပြုမည်

ရန်ကုန် ၁၄ အောက်တိုဘာ

မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်နေသည့် အာဆီယံအဆင့် ဘောလုံးနှင့် ဖူဆယ်ပြိုင်ပွဲများကို ကိုဗစ်-၁၉ ရောဂါအခြေအနေအပေါ်မူတည်၍ ကျင်းပမည့်ရက်များ အတည်ပြုသွားမည်ဖြစ်သည်။ အာဆီယံဘောလုံး အဖွဲ့ချုပ်သည် ၂၀၂၁ ခုနှစ်တွင် ပြိုင်ပွဲများစွာကျင်းပရန် စီစဉ်ထားသော်လည်း ရောဂါအခြေအနေကြောင့် ပြိုင်ပွဲတစ်ခုသာ ကျင်းပမည့်ရက် သတ်မှတ်နိုင်သေးသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်တွင် ဘောလုံးပြိုင်ပွဲများအဖြစ် အမျိုးသား ယူ-၂၂ ပြိုင်ပွဲ၊ ယူ-၁၉ ပြိုင်ပွဲ၊ ယူ-၁၆ ပြိုင်ပွဲ၊ အမျိုးသမီး စီနီယာလက်ရွေးစင်အဆင့်ပြိုင်ပွဲ၊ ယူ-၁၉ ပြိုင်ပွဲ၊ ယူ-၁၆ ပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲများအဖြစ် လက်ရွေးစင်အဆင့်ပြိုင်ပွဲနှင့် ကလပ်ပြိုင်ပွဲ၊ သဲသောင်ပြင်ဘောလုံးပြိုင်ပွဲအဖြစ် လက်ရွေးစင်အဆင့် အမျိုးသားပြိုင်ပွဲတို့ ကျင်းပရန် စီစဉ်ထားသော်လည်း ယင်းပြိုင်ပွဲများ ကျင်းပမည့်ရက် အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရောဂါအပေါ်မူတည်၍ နှစ်ကုန်ပိုင်းမှသာ ထုတ်ပြန်ဖွယ်ရှိနေသည်။

ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိဘဲ လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပနိုင်ခြင်းမရှိသဖြင့် လာမည့်နှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကပ်ရောဂါအခြေအနေကြောင့် ယခုနှစ်အတွင်းကျင်းပရန် စီစဉ်ထားသည့်ပြိုင်ပွဲများအားလုံး ဖျက်သိမ်းခဲ့ရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် အာဆီယံဒေသတွင်းမှ လက်ရွေးစင်အသင်းများ၊ လူငယ်လက်ရွေးစင်အသင်းများမှာ ၂၀၂၀ ပြည့်နှစ်အတွင်း အာဆီယံအဆင့်ပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ဘဲ စခန်းဝင်လေ့ကျင့်မှုကိုလည်း ကာလရှည်ရပ်နားထားရသည်။ မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အသင်းများမှာလည်း ရောဂါအခြေအနေအပေါ်မူတည်၍ စခန်းဝင်လေ့ကျင့်ရမည်ဖြစ်သည်။

ညီမြတ်သော်တာ