မြန်မာအသင်းများ ယှဉ်ပြိုင်မည့် ဟောင်ကောင် ယူ-၁၈ နှင့် ယူ-၁၅ ပြိုင်ပွဲ အုပ်စုပွဲများ ထွက်ပေါ်

၁ ဧပြီ

 

မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ဟောင်ကောင် ယူ-၁၈ နှင့် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပွဲများ ထွက်ပေါ်လာပြီဖြစ်ပြီး အသင်းလေးသင်းစီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်သည် ယူ-၁၈ ပြိုင်ပွဲနှင့် ယူ-၁၅ ပြိုင်ပွဲကို တပြိုင်နက်ကျင်းပမည်ဖြစ်ပြီး ယူ-၁၈ ပြိုင်ပွဲတွင် အိမ်ရှင်ဟောင်ကောင်၊ မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ်၊ ယူ-၁၅ ပြိုင်ပွဲတွင် ဟောင်ကောင်၊မြန်မာ၊ စင်ကာပူနှင့် မလေးရှားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကျင်းပ မည်ဖြစ်ပြီး အုပ်စုပွဲများကို ဧပြီ ၁၉၊ ၂၀၊ ၂၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရယူ-၁၈ ပြိုင်ပွဲကို နံနက်ပိုင်း၊ ယူ-၁၅ ပြိုင်ပွဲကို ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယူ-၁၈ ပြိုင်ပွဲ အုပ်စုပွဲများ အဖြစ် ဧပြီ ၁၉ ရက်တွင် မြန်မာနှင့် ဟောင်ကောင်၊ စင်ကာပူနှင့် ဗီယက်နမ်၊ ဧပြီ ၂၀ ရက်တွင် ဟောင်ကောင်နှင့် စင်ကာပူ၊ မြန်မာနှင့် ဗီယက်နမ်၊ ဧပြီ ၂၂ ရက်တွင် ဟောင်ကောင်နှင့် ဗီယက်နမ်၊ မြန်မာနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယူ-၁၅ ပြိုင်ပွဲ အုပ်စုပွဲများအဖြစ် ဧပြီ ၁၉ ရက်တွင် ဟောင်ကောင်နှင့် မြန်မာ၊ စင်ကာပူနှင့် မလေးရှား၊ ဧပြီ ၂၀ ရက်တွင် မြန်မာနှင့် မလေးရှား၊ ဟောင်ကောင်နှင့် စင်ကာပူ၊ ဧပြီ ၂၂ ရက်တွင် မြန်မာနှင့် စင်ကာပူ၊ ဟောင်ကောင်နှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းများသည် အိမ်ရှင်ဟောင်ကောင်အသင်းနှင့် ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းကမှ ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အာရှထိပ်သီး တရုတ် ယူ-၁၉ အသင်း၊ အာဆီယံထိပ်သီး ထိုင်း၊ ဗီယက်နမ် ယူ-၁၉ အသင်းများနှင့်ယှဉ်ပြိုင်ကစားခဲ့သောကြောင့် အကျိုးရှိသည့်ပြိုင်ပွဲဖြစ်ခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းမှ ကစားသမားအများစုမှာ ၁၆၊ ၁၇ နှစ်ဝန်းကျင်ဖြစ်သောကြောင့် မြန်မာအသင်းအတွက် အကျိုးရှိသည့်ပြိုင်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်သည်။

 

ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး ဖိတ်ခေါ်ပြိုင်ပွဲနှစ်ခု ဆက်တိုက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းမှာမူ ယခုလအတွင်း နိုင်ငံတကာပြိုင်ပွဲနှစ်ခု ဆက်တိုက်ယှဉ်ပြိုင်မည်ဖြစ်ပြီးဧပြီ ၆ ရက်မှ ၁၀ ရက်အထိ တရုတ်ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်မည်ဖြစ်ပြီး သြင်္ကန်အပြီးတွင် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား တာကူမူက ကိုင်တွယ်လျက်ရှိသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်