မြန်မာအသင်း ယှဉ်ပြိုင်မည့် တရုတ်တိုင်ပေ ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲ စက်တင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်

၂၇ စက်တင်ဘာ

 

မြန်မာ ယူ-၁၈ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် တရုတ်တိုင်ပေ ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲကို စက်တင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အသင်းလေးသင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အိမ်ရှင် တရုတ်တိုင်ပေ၊ မြန်မာ၊ ဟောင်ကောင်နှင့် ဥရောပမှ ဂျီဘရော့တာအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

 

အုပ်စုအဖွင့်ပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဂျီဘရော်လ်တာ အသင်းနှင့် ဟောင်ကောင်အသင်း၊ ညနေ ၅ နာရီခွဲတွင် မြန်မာအသင်းနှင့် အိမ်ရှင် တရုတ်တိုင်ပေအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တရုတ်တိုင်ပေအသင်းနှင့် ယှဉ်ပြိုင်ပြီးပါက စက်တင်ဘာ ၃၀ ရက်တွင် ဂျီဘရော့လ်တာ အသင်း၊ အောက်တိုဘာ ၁ ရက်တွင် ဟောင်ကောင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်းသည် နိုဝင်ဘာတွင် ယှဉ်ပြိုင်ရမည့် အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယင်းခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် ကစားသမား ၂၈ ဦးအနက် ၁၈ ဦးရွေးချယ်ကာ သွားရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ယခုနှစ်အတွင်း ဖိတ်ခေါ်ပြိုင်ပွဲ သုံးခုယှဉ်ပြိုင်နေကာ ပြီးခဲ့သည့် ပြိုင်ပွဲနှစ်ခုအနက် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆု ရခဲ့သည်။

 

မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူအဖြစ် ဦးရဲဝင်းအောင်၊ နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြအဖြစ် ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး-ပြည့်ဖြိုးသူ၊ နေလင်းထက်၊ နောက်တန်း- စည်သူမိုးခန့်၊ ဉာဏ်လင်းထက်၊ ဝေယံစိုး၊ သက်ဟိန်းစိုး၊ ရှင်းသန့်အောင်၊ ကောင်းခန့်ကျော်၊ အလယ်တန်း-လမင်းထွေး၊ မိုးဆွေ၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ ရဲမင်းကျော်၊ ရှေ့တန်း- ပြည့်စုံနိုင်၊ စောကျော်အဲ၊ ပြည့်ဖြိုးအောင်၊  ခွန်ကျော်ဇင်ဟိန်းနှင့် အောင်ကိုဦးတို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်