မြန်မာအသင်း ယှဉ်ပြိုင်မည့် မကာအိုသက်ကြီး ဘောလုံးပြိုင်ပွဲတွင် အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန် ၃ နိုဝင်ဘာ

 

မြန်မာ့လက်ရွေးစင်ဟောင်းများ အမျိုးသားအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၉ ခုနှစ် မကာအိုသက်ကြီးဘောလုံးပြိုင်ပွဲတွင် အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့်အတူ  ဥရောပမှ ပေါ်တူဂီ၊ အာရှမှ အိမ်ရှင်မကာအို၊ တောင်ကိုရီးယား၊ တရုတ်တိုင်ပေ၊ တရုတ်၊ ဂျပန်နှင့် ဟောင်ကောင်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ပြိုင်ပွဲကျင်းပသည့်ပုံစံကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်ဟောင်းအသင်းသည် ယင်းပြိုင်ပွဲအတွက် ကစားသမား ၂၂ ဦး ရွေးချယ်ကာ လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ပြိုင်ပွဲစည်းမျဉ်းအရ ယင်းကစားသမားများအနက် အုပ်ချုပ်/နည်းပြကိုပါ ရွေးချယ်ရမည်ဖြစ်သည်။ ပြိုင်ပွဲစည်းမျဉ်းအရ အသက် ၄၀ နှစ်အထက် ဂိုးသမားနှစ်ဦး၊ အသက် ၄၀ မှ ၄၄ နှစ်အကြား ခြောက်ဦး၊ အသက် ၄၅ နှစ်မှ ၄၉ နှစ်အကြား ခြောက်ဦး၊ အသက် ၅၀ နှစ်အထက် ကစားသမား ရှစ်ဦး၊ စုစုပေါင်း ၂၂ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။ ယခုဖွဲ့စည်းထားသည့် လူစာရင်းတွင် မျိုးလှိုင်ဝင်း၊ မင်းသူ၊ အောင်ကျော်မိုး၊ သန်းဝေ၊ ကျော်မင်း၊ မောင်မောင်ဌေး၊ မောင်မောင်ဦး၊ စည်သူဝင်း စသည့်အမာခံကစားသမားများ ပါဝင်လာသည်။ ပြိုင်ပွဲဝင်အသင်းများသည် နိုဝင်ဘာ ၂၈ ရက်တွင် မကာအိုသို့ ရောက်ရှိရမည်ဖြစ်ပြီး နိုဝင်ဘာ ၂၉၊ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တွင် ပွဲစဉ်များ ယှဉ်ပြိုင်ကစားရာ ဒီဇင်ဘာ ၂ ရက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်ဟောင်းများအသင်းတွင် ဂိုးသမား-ယဉ်မင်းအောင်၊ မျိုးသန်းဦး၊ နောက်တန်း-သန်းဝေ၊ မင်းကြည်၊ ထွန်းမြင့်လွင်၊ မင်းသူ၊ မောင်မောင်ကြီး၊ ဇော်မင်း၊ မောင်မောင်မြင့်၊ ဟန်ထွန်း၊ အလယ်တန်း-ထွန်းထွန်းထက်၊ အောင်ကျော်မိုး၊ မိုးကျော်၊ ကျော်မင်း၊ ဌေးလွင်၊ မောင်မောင်ဦး၊ အောင်မျိုး၊ ကျော်မျိုးဟန်၊ ရှေ့တန်း၊-မောင်မောင်ဌေး၊ မြင့်ကို၊ စည်သူဝင်းနှင့် မျိုးလှိုင်ဝင်းတို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်