မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂၀၁၈ ဖွင့်ပွဲ ကျင်းပ

ရန်ကုန် ၁၆ ဇွန် 

ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ ပညာရေး လမ်းကြောင်းများနှင့် ပညာရေး ဝန်ဆောင်မှုများ၊ ပညာရေးအသိပညာများကို ကျောင်းသား လူငယ်များ၊ အများပြည်သူများမှ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ Trade Training Institute ၏ ပံ့ပိုးကူညီမှုဖြင့် ဒုတိယအကြိမ် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂၀၁၈ The 2nd International Education Fair Myanmar 2018 ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။

ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန Trade Training Institute (TTI) ၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဝေ၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး - ပြင်သစ်ယဉ်ကျေးမှုဌာန - ဒုတိယဒါရိုက်တာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သံအရာရှိ Gilles Guillot(Ph.D) / ဒေါက်တာရီး(လ်)ဂီယို၊ Metro Computer Myanmar Co., Ltd. မှ ဒါရိုက်တာ Takashi Kawasaki နှင့် Dagon Exhibitions Limited မှ ဒါရိုက်တာ ဦးအောင်အောင် တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။

ပြပွဲတွင် Pre School မှသည် ၁၀ဝ ရာခိုင်နှုန်း Fully Scholarships ပေးမည့် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များနှင့် တိုက်ရိုက်ထိတွေ့နိုင်သည့် အခွင့်အလမ်းကို မိတ်ဆက်ပြီး ပြည်တွင်း ပြည်ပမှ တက္ကသိုလ်နှင့် ကောလိပ်များ၊ ပုဂ္ဂလိကကျောင်းများ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှု သင်တန်းကျောင်းများနှင့် နည်းပညာဆိ်ုင်ရာ သင်တန်း ကျောင်းများ၊ နိုင်ငံခြားဘာသာ သင်တန်းကျောင်းများ၊ နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့် သင်တန်းကျောင်းများ၊ အနုပညာနှင့် ပတ်သက်သော သင်တန်းကျောင်းများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ သင်တန်းကျောင်းများ၊ ပညာရေးအတိုင်ပင်ခံ သင်တန်းကျောင်းများ၊ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ သင်တန်းကျောင်းများ၊ ဆေးပညာဆိုင်ရာ သင်တန်းကျောင်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်းများက ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် စာအုပ်စာပေ အမျိုးမျိုးတို့ ပါဝင်ပြသမည်ဖြစ်သည်။

ပြပွဲကို ဇွန်လ ၁၆ ရက်မှ ၁၇ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ အခမဲ့လာရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။ 

(သတင်းစဉ်)