မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ဆောင်ရွက်စဉ် ကယ်တင်ရရှိမှု

နေပြည်တော် ၁၂ ဩဂုတ်

 

မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ဆောင်ရွက်သူအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မအရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ည/ ၁၁ ရပ်ကွက်၊ ထော်ပိုင်လမ်းနေ ဒေါ်အေးအေးလွင်၊ တူဖြစ်သူ နိုင်လင်းအောင်(ခ)ငပွကြီးနှင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နေ မခိုင်သဇင်မိုး(ခ)မပိုးဥ တို့သည် မ----- (၂၁)နှစ်အား ကြွေးမြီဖြင့်နှောင်ဖွဲ့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် သြဂုတ် ၈ ရက်၌ ရန်ကုန်မှ မူဆယ်သို့ ခရီးသည်တင်မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်လာစဉ် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အရောက် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တောင်ငူ)မှ ရဲအုပ် အောင်ကျော်သူ ဦးစီးအဖွဲ့က သတင်းအရ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော မ----- အား ကယ်တင်ရရှိခဲ့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများဖြစ်သည့် ဒေါ်အေးအေးလွင်၊ နိုင်လင်းအောင်(ခ)ငပွကြီးနှင့် မခိုင်သဇင်မိုး(ခ)မပိုးဥတို့အား ကညွတ်ကွင်းနယ်မြေရဲစခန်း (ပ) ၁၃၈/ ၂၀၂၀၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုဖွင့်လှစ် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ရဲပြန်ကြား