မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်သူများအား ထောင်ဒဏ်နှစ်ရှည်ချမှတ်

နေပြည်တော် ၂၂ ဇန်နဝါရီ 

မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစာရန် စီစဉ်သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ်နှစ် (၂၀) စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ ဒေါ်ခင်ခင်စန်း (ခ) ဒေါ်ခင်သန်း (ဘ) ဦးသင်္ကြန်အောင်၊ မယမုန်ဇင် (ခ) ယမုန် (ဘ) ဦးလှမောင်၊ ကျောက်ဖြူမြို့နေ မအေးအေးသန်း (၄၁) နှစ်၊ (ဘ) ဦးသံဝေကျော်၊ မနုနုဌေး (ဘ) ဦးယိုင်ထွန်းအောင်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ လယ်မအင်းရွာနေ မအေးမြတ်မွန် (ခ) မြတ်မွန် (ဘ) ဦးနိုင်ဦး၊ တရုတ်နိုင်ငံနေ မစိမ်း (ခ) အေးအေးခိုင်နှင့် မစိုးစိုး(ခ) ကွတ်ကွတ်တို့က ကျောက်ဖြူမြို့နယ်၊ ကုန်းဘောင်ရွာနေ မ------- (၁၉)နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေ မ------- (၄၀)နှစ်တို့အား တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း (၂၀) ရမည်၊ တစ်နှစ်ပေါင်းသင်းရမည်ဟု ပြောဆိုစည်းရုံးလျက် တရုတ်ဇနီးအဖြစ် ရောင်းစားရန် စီစဉ်ခဲ့မှုအား မူဆယ်မြို့မရဲစခန်း (ပ) ၂၁၇/၂၀၁၉ နှင့် (ပ) ၂၁၈/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ- ၂၈(က)/ ၃၂ တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ ဇန်နဝါရီ ၁၆ ရက်တွင် တရားခံ မအေးအေးသန်း၊ မအေးမြတ်မွန် (ခ) မြတ်မွန်နှင့် မနုနုဌေးတို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ (၁)မှုအတွက် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီနှင့် ဒေါ်ခင်ခင်သန်း (ခ) ဒေါ်ခင်သန်း၊ မယမုန်ဇင် (ခ) ယမုန်တို့အား (၁)မှုလျှင် အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီဖြင့် (၂)မှုအတွက် အလုပ်နှင့် ထောင်ဒဏ် နှစ် (၂၀) စီချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံများအား တရားခံပြေး ကြေညာခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 

သတင်းစဉ်

{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}