မြန်မာအမျိုးသမီးအသင်းနှင့် အား/ကာသိပ္ပံ (မော်လမြိုင်) အသင်း ခြေစမ်းပွဲတွင် သရေကျ

၃၀ ဇွန် 

၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မော်လမြိုင်မြို့တွင် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဒုတိယခြေစမ်းပွဲအဖြစ် ယနေ့ညနေပိုင်းက မော်လမြိုင်မြို့ရှိ Southern အသင်း အိမ်ကွင်း၌ အား/ကာသိပ္ပံ (မော်လမြိုင်) အမျိုးသားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေကျခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် နှစ်ရက်ဆက်တိုက် ခြေစမ်းပွဲကစားခြင်းဖြစ်ပြီး ယခုပွဲတွင် အား/ကာသိပ္ပံအမျိုးသားအသင်းနှင့် ခြေစမ်းပွဲကစားသောကြောင့် နိုင်ပွဲမရသော်လည်း အကျိုးရှိသည့် ခြေစမ်းပွဲဖြစ်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ခင်မာလာထွန်း၊ ခင်သန်းဝေ၊ ဝင်းသိဂီထွန်း၊ ခင်မိုမိုထွန်း၊ ဝေဝေအောင် စသည့် အမာခံကစားသမားများကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့ပြီး နောက်ပိုင်းမှ ကစားသမားများ လဲလှယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် မော်လမြိုင်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ပြီး ဇူလိုင် ၁ ရက် (ယနေ့) တွင် ထားဝယ်မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ထားဝယ်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲကစားမည်ဖြစ်ပြီး ဇူလိုင် ၂ ရက်တွင် ထားဝယ်လူငယ်အသင်း၊ ဇူလိုင် ၄ ရက်တွင် ထားဝယ်လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း