မြန်မာအမျိုးသမီးအသင်း ယှဉ်ပြိုင်မည့် ၂၀၂၀ အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲ အုပ်စုများထွက်ပေါ်

၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံး အာရှဇုန် တတိယအဆင့်ခြေစစ်ပွဲ အုပ်စုများထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စု (က) တွင် မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့သည်။

တတိယအဆင့်ခြေစစ်ပွဲကို အသင်းရှစ်သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး လေးသင်းနှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ရမည်ဖြစ်ကာ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးနှစ်သင်းစီမှာ နောက်ဆုံးအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

နောက်ဆုံးအဆင့်ကို ရှုံးထွက်ပုံစံဖြင့် နှစ်ကျော့ကစားရမည်ဖြစ်ပြီး အနိုင်ရသည့်နှစ်သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကာ အိမ်ရှင်ဂျပန်အသင်းနှင့်အတူ နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ တတိယအဆင့်ခြေစစ်ပွဲကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) ပွဲစဉ်များကို တောင်ကိုရီးယား၊ အုပ်စု (ခ) ပွဲစဉ်များကို တရုတ်နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

အုပ်စုမဲခွဲပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပြီးအုပ်စု (က) တွင် မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ အုပ်စု (ခ) တွင် သြစတြေးလျ၊ တရုတ်၊ ထိုင်းနှင့် တရုတ်တိုင်ပေအသင်းတို့ ပါဝင်နေသည်။ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ တရုတ်နှင့် ထိုင်းအသင်းတို့မှာ တတိယအဆင့်ခြေစစ်ပွဲမှ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး မြန်မာ၊ ဗီယက်နမ်နှင့် တရုတ်တိုင်ပေအသင်းတို့မှာ ဒုတိယအဆင့်ခြေစစ်ပွဲမှ တက်ရောက်လာခြင်းဖြစ်သည်။


မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲတွင် ပထမအဆင့်မှ စတင်ကစားခဲ့ရပြီး အုပ်စု (ဂ) တွင် ပါဝင်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်ကို ငါးဂိုးပြတ်၊ အိန္ဒိယကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ နီပေါနှင့် တစ်ဂိုးစီသရေကျကာ ခုနစ်မှတ်ဖြင့်အုပ်စုပထမဖြင့် ဒုတိယအဆင့် တက်ရောက်ခဲ့သည်။ ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စု (က) တွင် ပါဝင်ခဲ့ပြီး နီပေါကို သုံးဂိုး-တစ်ဂိုး အင်ဒိုနီးရှားကို ခြောက်ဂိုးပြတ်အနိုင်ရကာ အိန္ဒိယနှင့် သုံးဂိုးစီသရေကျပြီး ခုနစ်မှတ်ဖြင့် တတိယအဆင့်သို့ တက်လှမ်းခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် လက်ရှိတွင် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းမှသာ တတိယအဆင့်ခြေစစ်ပွဲအတွက် စတင်ပြင်ဆင်ဖွယ်ရှိနေသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်