မြန်မာအမျိုးသမီးအသင်း ခြေစမ်းပွဲတွင် တရုတ်တိုင်ပေကို အနိုင်ရ

နေပြည်တော် ၂၀ နိုဝင်ဘာ

ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြို နောက်ဆုံးခြေစမ်းပွဲအဖြစ် ယနေ့ ညနေပိုင်းက ဗဟန်းမြက်ခင်းတုကွင်း၌ တရုတ်တိုင်ပေ လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားရာ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် နောက်ဆုံးပြင်ဆင်သည့်အနေဖြင့် ယခုလအတွင်း နိုင်ငံတကာ ခြေစမ်းပွဲများ ဆက်တိုက်ကစားလျက်ရှိပြီး နောက်ဆုံး သုံးပွဲဆက်တိုက် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အပြီးသတ် လူရွေးချယ်ပြီး ယှဉ်ပြိုင်ကစားသည့် ခြေစမ်းပွဲ ဖြစ်သောကြောင့် ကစားသမားများ ပြောင်းလဲအသုံးပြုခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ ရီရီဦး၊ ခင်သန်းဝေ၊ မြဖူးငုံ (ဂိုး) စသည့် အမာခံ ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး တရုတ်တိုင်ပေအသင်းကို ရင်ဆိုင်ခဲ့သည်။ တရုတ်တိုင်ပေအသင်းကလည်း အကောင်းဆုံး တုန့်ပြန်ကစားခဲ့ရာ ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ဂိုးသွင်းခွင့်များလည်း အပြန်အလှန်ရခဲ့သည်။

နှစ်သင်းစလုံး အဆုံးသတ်ဂိုးသွင်းအားနည်းခဲ့ပြီး မြန်မာအသင်းမှာလည်း တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်းတွင် ရရှိသည့်ဂိုးဖြင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၁၉ မိနစ်တွင် ခင်မိုးဝေက သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာ အမျိုးသမီးအသင်းသည် ကစားသမားများ ပြောင်းလဲကစားခဲ့ပြီး ဂိုးထပ်ရနိုင်သည့် အခွင့်အရေးများ ရခဲ့သော်လည်း အသုံးမချ နိုင်ခဲ့သောကြောင့် နစ်နာခဲ့ရသည်။

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ သုံးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်