မြန်မာအမျိုးသားလေကြောင်းလိုင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် ခရီးသွားပြပွဲကျင်းပမည်

ရန်ကုန် ၁၆ သြဂုတ်

 

မြန်မာအမျိုးသားလေကြောင်း၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ်အနေဖြင့် ကျင်းပမည့် Travel Fair ကို ရန်ကုန်မြို့ မြန်မာပလာဇာတွင် သြဂုတ် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ပြပွဲတွင် မြန်မာအမျိုးသားလေကြောင်း  ပြည်တွင်း၊ ပြည်ပလက်မှတ်များအား ၁၅ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာအမျိုးသားလေကြောင်းမှ Boeing 737-800 NG၊ Embraer 190၊ ATR 72-600၊ Caravan လေယာဉ်အသစ်များဖြင့် ခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိပြီး စီးနင်းလိုက်ပါလာသော ခရီးသွားပြည်သူများအား လေယာဉ်၏ Business Class၊ Premium Economy Class နှင့် Economy Class များတွင် ခရီးစဉ်တစ်လျှောက် အကောင်းဆုံးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ 

 

ခရီးသည်များအနေဖြင့် မြန်မာအမျိုးသားလေကြောင်းကို ရွေးချယ်စီးနင်းရာတွင် ပြည်တွင်းခရီးစဉ်များအတွက် ခရီးသွားအိတ်အလေးချိန် ကီလို ၂၀၊ ပြည်ပခရီးစဉ်များအတွက် ကီလို ၃၀ မှစ၍ ဝယ်ယူထားသည့် လက်မှတ်အမျိုးအစားအလိုက် သယ်ယူနိုင်မည်ဖြစ်သည်။

 

မြန်မာအမျိုးသားလေကြောင်း၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ် ခရီးသွားပြပွဲအတွင်းတွင် လက်မှတ်ဝယ်ယူသူများအနေဖြင့် လက်မှတ်ဝယ်ယူရာတွင် ငွေသား (သို့မဟုတ်) ဘဏ်ကတ်များ အသုံးပြု၍ မြန်မာကျပ်ငွေ (သို့မဟုတ်) အမေရိကန်ဒေါ်လာဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအတွက် လက်ဆောင်များနှင့် ကံစမ်းမဲအစီအစဉ်များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

MDN