မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ယခုနှစ်အတွင်း ခရီးသည် နှစ်သန်းအထိ တိုးမြှင့်ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းမည်

ရန်ကုန်   ၉    ဇွန်

 

ပြည်တွင်း လေကြောင်းလိုင်းတစ်ခုဖြစ်သော မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ယခုနှစ်တွင် ပြည်တွင်း၊ ပြည်ပ ခရီးသည် နှစ်သန်းအထိ တိုးမြှင့်ဝန်ဆောင်မှုပေးနိုင်ရန် မျှော်မှန်းကာ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီးပွားရေးအရာရှိချုပ် ဦးစောနိုင်လွင်က ပြောသည်။

 

ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာ၌ ကျင်းပသော မြန်မာအမျိုးသား လေကြောင်းလိုင်း နှစ် (၇၀) ပြည့်အထိမ်းအမှတ် မိုးရာသီ အထူးဈေးရောင်းပွဲတော် အခမ်းအနားတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ စီးပွားရေးအရာရှိချုပ် ဦးစောနိုင်လွင်က မီဒီယာများအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာအမျိုးသားလေကြောင်းကို ၁၉၄၈ ခုနှစ်မှ စတင်တည်ထောင်ကာ ပြည်တွင်း၊ ပြည်ပလေကြောင်း ခရီးသွား ပြည်သူများအား ဝန်ဆောင်မှုပေးလျက်ရှိရာ ယနေ့တွင် နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ယနေ့ ကျင်းပသော နှစ် ၇၀ ပြည့် အထိမ်းအမှတ် မိုးရာသီ ဈေးရောင်းပွဲတော်တွင် ပြည်တွင်း၊ ပြည်ပလေကြောင်း ခရီးသွားများအနေဖြင့် ဈေးနှုန်း သက်သက်သာသာဖြင့် ခရီးသွားလာနိုင်ရန် ဝန်ဆောင်မှုပေးခဲ့ရာ ခရီးစဉ် တစ်ခုတွင် အထူးလျှော့ဈေးအနေဖြင့် ရာခိုင်နှုန်း ၂၀ အထိ လျှော့ချရောင်းပေးခဲ့သည်။

 

 

“ ဒီနေ့ကတော့ မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ မိုးရာသီပရိုမိုးရှင်း ၂၀၁၈ ပွဲဖြစ်ပါတယ်။ ခရီးစဉ်တစ်ခုကို ၂၀  ရာခိုင်နှုန်း လျှော့ချ ရောင်းပေးနေတာပါ။ ဒီနေ့ကတော့ ဒီအခမ်းအနားမှာ ရောင်းချပေးတာ ဖြစ်ပါတယ်။ ကျန်တဲ့နေ့တွေမှာတော့ မြန်မာအမျိုးသားလေကြောင်း ရုံးချုပ်နှင့် နိုင်ငံတစ်ဝန်း ရုံးခွဲတွေမှာ ဆက်လက် ရောင်းပေးသွားမှာပါ။ အခုလို မိုးရာသီပရိုးမိုးရှင်း ပွဲတွေကို နှစ်စဉ် မြန်မာအမျိုးသား လေကြောင်းလိုင်း အနေနဲ့ ကျင်းပပေးသွားဖို့ ရှိပါတယ်။ မြန်မာအမျိုးသား လေကြောင်းလိုင်းအနေနဲ့ နှစ်စဉ် ခရီးသည်ဝန်ဆောင်မှု တစ်နှစ်ထက်တစ်နှစ် တိုးအောင် ဆောင်ရွက် ပေးနေပါတယ်။ မနှစ်ကဆို ခရီးသည် ၁ ဒသမ ၅ သန်း ဝန်ဆောင်မှု ပေးနိုင်ခဲ့တယ်။ ဒီနှစ်မှာလည်း မနှစ်ကထက် ပိုတိုးပြီး နှစ်သန်းအထိ ဝန်ဆောင်မှုပေးနိုင်ဖို့  မျှော်မှန်း ကြိုးပမ်း ဆောင်ရွက်နေပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း စီးပွားရေးအရာရှိချုပ် ဦးစောနိုင်လွင်က ပြောကြားသည်။

 

ယနေ့စတင်ကျင်းပသော မြန်မာအမျိုးသားလေကြောင်းလိုင်း၏ နှစ် (၇၀) ပြည့် မိုးရာသီဈေးရောင်း ပွဲတော်တွင် ကံစမ်းမဲအစီအစဉ်များ၊ ဂိမ်းကစားခြင်းအစီအစဉ်များ ထည့်သွင်းကျင်းပခဲ့ပြီး ပြည်တွင်း တေးသံရှင် များဖြစ်သည့် အဆိုတော် ဖြိုးပြည့်စုံ၊ အိမ့်ချစ် တို့ တက်ရောက်ဖျော်ဖြေခဲ့သည်။ မြန်မာအမျိုးသား လေကြောင်း အနေဖြင့် ခရီးစဉ်တစ်ခုတွင် ရာခိုင်နှုန်း ၂၀ လျှော့ချပေးမည့် မိုးရာသီ ပရိုးမိုးရှင်းအစီအစဉ်ကို ယနေ့မှစတင်ကာ ဇွန် ၁၂ ရက်အထိ သတ်မှတ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်း-မျိုးကျော်(ကနောင်သွေး)၊ ဓာတ်ပုံ- မင်းထက်