မြန်မာ့အမွေအနှစ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် အကြိုလှုပ်ရှားမှု “နှလုံးသားထဲကပုဂံ” ဓာတ်ပုံပြပွဲ ကျင်းပ

ပုဂံ ၂ မတ်

 

မြန်မာ့အမွေအနှစ် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး ကြိုဆိုသည့် အနေဖြင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ၏ ယဉ်ကျေးမှု အမွေအနှစ်များနှင့် လူနေမှုဘဝများအား ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ မေတ္တာမိုးပရဟိတအဖွဲ့နှင့် မြန်မာနိုင်ငံ ဓာတ်ပုံပညာရှင် များပူးပေါင်းကာ “နှလုံးသားထဲကပုဂံ” ဓာတ်ပုံပြပွဲကို ပုဂံမြို့ မင်းနန်းသူကျေးရွာ လေးမျက်နှာ ဘုရားအနီးတွင် မတ် ၂ ရက် မှ ၄ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ည ၇ နာရီအထိ ကျင်းပလျက်ရှိသည်။

 

ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ အခမ်းနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဓာတ်ပုံပညာရှင်များ၊ သတင်းမီဒီယာများ၊ ဒေသခံလူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံများနှင့် မေတ္တာမိုးပရဟိတအဖွဲ့ဝင်များ တက်ရောက်ကြသည်။ အခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်နှင့် မြန်မာနိုင်ငံ ဓာတ်ပုံပညာရှင် ဦးကြည်မိုးတို့က ဖဲကြိုးဖြတ်၍ ဓာတ်ပုံပြပွဲ အခမ်းအနား ဖွင့်လှစ်သည်။

 

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ကြီးကျယ်ခမ်းနားသော ရှေးဟောင်း အဆောက်အအုံများ၊ ထူးခြားသည့် ဗိသုကာပညာများ၊ အနုပညာလက်ရာများ၊ သဘာဝရှုမြင်ကွင်းများ၊ ရိုးရာပွဲတော်များ၊ ပုဂံဒေသ အလေ့အထများနှင့် လူနေမှုဘဝများကို မြန်မာနိုင်ငံ တစ်ဝှမ်းသာမက ကမ္ဘာတစ်ဝှမ်းကပါ သိရှိစေရန်၊ မိမိတို့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ချစ်မြတ်နိုး တန်ဖိုးထားစိတ်၊ ရှေးဘိုးဘွားများ၏ အဖိုးမဖြတ်နိုင်သည့် လက်ဆောင်အပေါ် ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များ ပိုမိုဖြစ်ထွန်း လာစေရန်၊ အမွေအနှစ် ကာကွယ်ထိန်းသိမ်းမှုတွင် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်သည်ဟူသော ရည်ရွယ်ချက်ကိုလည်း အကောင်အထည် ဖော်ဆောင်ရန် ရည်ရွယ်ချက်များဖြင့်  “နှလုံးသားထဲကပုဂံ”  ဓာတ်ပုံပြပွဲကို ကျင်းပကြောင်း သိရသည်။

 

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး အကြိုလှုပ်ရှားမှု “နှလုံးသားထဲကပုဂံ” ဓာတ်ပုံပြပွဲသို့ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက် လေ့လာကြည့်ရှုနိုင်ရေး ကြော်ငြာဗီနိုင်းများကို စိုက်ထူဆောင်ရွက်ခြင်းနှင့် ဓာတ်ပုံပြပွဲတွင် ပြသသည့် မြန်မာနိုင်ငံဓာတ်ပုံ ပညာရှင်(၁၀ဝ)၏ ဓာတ်ပုံ (၂၀ဝ)အတွက် ဓာတ်ပုံထုတ်ခြင်း၊ မှန်ဘောင်များနှင့် ဆက်စပ်ပစ္စည်းများအတွက် ကုန်ကျစရိတ် ကျခံခြင်းများကို XENON  Myanmar Ink Ject Printing ကုမ္ပဏီကမေတ္တာဖြင့် ပါဝင်ကူညီ ခဲ့ပါကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)