မြန်မာ့အမွေအနှစ် မြတ်ဘုရားရွှေတိဂုံ

mdn

နေပြည်တော် ၂၀ အောက်တိုဘာ

 

ရွှေတိဂုံစေတီတော်ဟုဆိုလျှင် မြန်မာနိုင်ငံသားတို့သာမက ကမ္ဘာ့နိုင်ငံအများအပြားကပါ သိကြ၊ မြတ်နိုးကြည်ညိုတန်ဖိုးထားကြရသော အထွတ်အမြတ် အမွေအနှစ်တစ်ပါး ဖြစ်ပါသည်။

မြန်မာနိုင်ငံသားတို့အဖို့ ရွှေတိဂုံစေတီတော်မြတ်ဟူသည် အယုတ်အလတ်အမြတ်မရွေး ဖူးမြော်ချင်လိုကြသည့် မြင့်မြတ်ခမ်းနားသော သာသနိကအမွေအနှစ်၊ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် နိုင်ငံအတွက်၊ ရန်ကုန်မြို့အတွက်၊ နှလုံးသည်းပွတ်သဖွယ် မြတ်နိုးကြသည်။

အမှန်တော့ ရွှေတိဂုံစေတီတော်ကြီးသည် လူတို့၏ ယုံကြည်မှုသဒ္ဓါတရားကလာသည့် ရက်ရောမှု၊ လှူဒါန်းမှုများဖြင့် အသက်ဝင်ရှင်သန်နေသည့် သာသနိကအမွေအနှစ်၊ ယဉ်ကျေးမှုအမွေအနှစ် တစ်ပါးပါ။

အများစုသော မြန်မာနိုင်ငံသားတို့သည် ရန်ကုန်မြို့ဟူသည့် နာမည်ကြားသည်နှင့် အများအားဖြင့် ရွှေတိဂုံစေတီတော်ကို အရင်ဆုံးသတိရကြသည်။ ရန်ကုန်မြို့ကို မည်သည့်နေရာကမဆို ဝင်ရောက်လာသည်နှင့် ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြင်ရသည့် ကြည်နူးဖွယ်ကောင်းလှသော တန်ဖိုးက ကြီးလှသည်။

အရှေ့အနောက် တောင်မြောက် ဝဲယာမည်သို့သော နေရာက မဆို ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြင်နိုင်သည့် အခွင့်အရေးက ရတောင့်ရခဲ့ဟု ထင်မြင်ယူဆကြသည်။ ရန်ကုန်မြို့ပေါ်တွင် အထပ်မြင့် အဆောက်အအုံများ ပေါ်လာသည့်အခါ ခေါင်မိုးထပ်များ၊ အမြင့်ထပ်များရှိ ဧည့်ခန်း၊ အိပ်ခန်းများမှနေ၍ ရွှေတိဂုံစေတီတော်ကြီးကို တိုက်ရိုက်ဖူးမြင်နိုင်သည့်အခွင့်အရေးကို ငွေကြေးတန်ဖိုးကြီးကြီးဖြင့် လဲယူကြရ၏။

ဤသို့ဖြင့် ငွေကြေးတတ်နိုင်သူတို့သာ ရွှေတိဂုံစေတီတော်ကြီးကို အဝေးကဖူးမြင်ခွင့်ရနိုင်သကဲ့သို့ ဖြစ်လာသည်။ သာမန်ပြည်သူများအဖို့ ယခင်ကလို အဝေးတစ်နေရာ လူသွားစြင်္ကပေါ်က ပုဆစ်တုပ်ကာ ထိခြင်းငါးဖြာဖြင့် လက်အုပ်ချီမိုးနိုင်သည့် မြင်ကွင်းများက ပျောက်ဆုံးလာသည်အထိပင်။

 

မည်သို့ပင်ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းသာ မြင်ရနိုင်သည့် အခြေအနေအနည်းငယ်မျှရှိရုံဖြင့် ရွှေအဆင်းပြည့်စုံ တင့်တယ် ဝင်းလဲ့ခမ်းနားထည်ဝါလှသော စေတီတော်ကြီးမှာ လူတို့၏ စိတ်နှလုံးကို ညွတ်နူးစေသည်သာ။

ယခုအခါ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ၁၉ အောက်တိုဘာ၊ ၂၀၁၉နေ့က ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရွှေသင်္ကန်းကပ်လှူခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံဆွေးနွေးပွဲတစ်ခု စတင်ကျင်းပခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တက်ရောက်ချီးမြှင့်ကြပြီး နိုင်ငံတကာနှင့် ပြည်တွင်းက ပညာရှင်များက သုတေသနလေ့လာတွေ့ရှိချက်များကို စာတမ်းများ တင်သွင်းဖတ်ကြားဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးမှုမှတ်တမ်းများပါ သုတေသနပြုထားသည်များတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရွှေသင်္ကန်းကပ်လှူထားမှုများနှင့် သက်ဆိုင်သည့်အချို့သော အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။

ရွှေသင်္ကန်းကပ်လှူရာတွင် အစဉ်အဆက်အသုံးပြုခဲ့သည့် နည်းစနစ်များ၏ အားသာချက် အားနည်းချက်၊ ကောင်းကွက်ဆိုးကွက်တို့ကို ခေတ်မီနည်းပညာ အမျိုးမျိုးတို့ဖြင့် ဆန်းစစ်သုတေသနပြုလုပ်ခဲ့သည့် တွေ့ရှိချက်များကို မှတ်တမ်းတင်ကာ စာတမ်းတင်သွင်း ဖတ်ကြားကြခြင်းဖြစ်လေသည်။

ရေရှည်ထိန်းသိမ်းနိုင်ကြရေးအတွက် သုတေသနပြုကြခြင်းများဖြစ်ရာ အချို့သော နည်းစနစ်များ၊ အချို့သော အသုံးပြုပစ္စည်များကို ပြောင်းလဲသင့်သည်များ၊ မွမ်းမံသင့်သည်များလည်း ပါဝင်သည်ကို ကြားသိရပါသည်။

နည်းပညာတို့ တိုးတက်ပြောင်းလဲလာခြင်းကို အကြောင်းပြုကာ အသစ်အနေဖြင့် သိရှိရခြင်းကို သတိပြုမိသည့်အခါ အမွေအနှစ်များ (အထူးသဖြင့် ရှေးဟောင်းအမွေအနှစ်များ)ကို ထိန်းသိမ်း စောင့်ရှောက်ကြသည့်အခါ မွန်မြတ်သည့်စေတနာကို လိုအပ်သကဲ့သို့ ပညာဉာဏ်ဖြင့် ထိန်းသိမ်းရသည်ဆိုခြင်းကို နားလည်ကြရန်လည်း အရေးကြီး၏ဟူသည်ကို သတိပြုကြရန် လိုပါသည်။

အထက်တွင် ဖော်ပြသကဲ့သို့ သာမန်ပြည်သူတို့၏ နေ့စဉ်ဘဝများအတွင်းက ဖူးမြင်ရသည့် အခွင့်အရေးကို ငွေကြေးဖြင့် လွှမ်းမိုးခံရခြင်းမျိုးကအစ သတိထားကာ ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း လိုအပ်ပါမည်။

ယုံကြည်မှုသဒ္ဓါ၊ မည်သို့ စောင့်ရှောက်ကြခြင်းက ထိရောက်ကောင်းမွန်သည်ကို သဘောပေါက်သည့် ပညာ၊ မည်သူတို့အတွက် မည်သို့ ကာကွယ်ပေးရမည်ဟူသည်ကို နားလည်သည့် အမြော်အမြင်တို့ဖြင့်သာ ရေရှည်တည်တံ့ကောင်းမွန်သော အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ဖြစ်မည်ဟု ယုံကြည်ပါကြောင်း။

မြန်မာ့အလင်း