မြန်မာ့အလှ မြန်မာ့ရှုခင်းနှင့် ငြိမ်းအေးမှုရသ

နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ဖူးသော ဧည့်သည်တို့သည် မြန်မာနိုင်ငံဟုဆိုလျှင် မြန်မာလူမျိုးတို့၏ ဖော်ရွေမှု၊ ခင်မင်တတ်မှု တို့ကို ဦးစွာအမှတ်ရကြောင်း ပြောလေ့ရှိ၏။

ကိုးကွယ်ယုံကြည်မှု မည်သို့ပင်ရှိစေ သူတို့၏ မျက်စိထဲက မထွက်နိုင် လောက်အောင် သပ္ပာယ်ကြည်ညိုဖွယ်ရာ ခမ်းနားကြီးမြင့်လှသည့် ရွှေတိဂုံ ဘုရားကြီးကို မမေ့နိုင်ကြ။

ထို့နောက် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ခဲ့ခြင်း၏ ဘေးထွက် ကောင်းကျိုးဖြစ်သော မပျက်မစီးကျန်ရစ်သည့် သဘာဝရေမြေတို့ကို အမြတ်တနိုးဖြစ်ကြ၏။

ပုဂံယဉ်ကျေးမှုဒေသကြီးတစ်ခုလုံး၏ အံ့ချီးမကုန်ဖွယ်ရာ ရှေးမူမပျက်ကျန်ရှိနေသေးသည့် သာသနိကအဆောက်အအုံ ဗိသုကာလက်ရာများကို ဦးညွှတ်တန်ဖိုးထားကြ၏။ မြို့ကြီးများပေါ်က မထိမခိုက်ရှိကြကုန်သော ကိုလိုနီခေတ် ဗိသုကာလက်ရာအဆောက်အအုံများ၊ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် လူထုလှုပ်ရှားမှု သမိုင်းတို့ကို ပြောနေသည့် ခေတ်ဟောင်း ခေတ်သစ် သမိုင်းဝင် အဆောက်အအုံများကို အလေးအမြတ်ပြု နှစ်သက်ကြည်နူးကြ၏။

ရန်ကုန်၊ ပုဂံ၊ အင်းလေး၊ ငပလီ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ မြစ်ဆုံမှအစပြု၍ ဧရာဝတီမြစ်ရိုးတစ်လျှောက်၊ ရှမ်းပြည်နယ်တစ်ခွင်၊ မြိတ်ကျွန်းစုများ၊ ပုပ္ပားတောင်၊ နတ်မတောင်၊ ဖုန်ကန်ရာဇီ အစရှိသည့် တစ်ခါရောက်ဖူးလျှင် နောက်တစ်ခေါက် လာလည်ချင်ကြရသည့် မြန်မာနိုင်ငံတစ်လွှားကို နှလုံးသားထဲ စွဲလေ့ရှိ၏။

နိုင်ငံသားတို့ကိုယ်တိုင် အမှတ်တမဲ့ဖြစ်နေကောင်း ဖြစ်နေနိုင်သည့် ဝိပဿနာတရားစခန်းများကလည်း နိုင်ငံတကာက တရားမှတ်သူများနှင့် ပြည့်နေတတ်လေ့ရှိ၏။ သည်ကနေ့ဆိုလျှင်ပင် ပဲခူးဆယ်မိုင်ကုန်း ပဏ္ဍိတာရာမ ဝိပဿနာတရားစခန်းတစ်ခုတည်းတွင် နိုင်ငံတကာကလာ သော တရားစခန်းဝင်ဧည့်သည် ငါးရာနီးပါးခန့်ရှိနေ၏။

ဤသို့ ရုပ်ဝတ္ထုပိုင်း၊ စိတ်ပိုင်း ယဉ်ကျေးမှုအမွေအနှစ်များကို မထိန်းသိမ်းတတ်၊ မစောင့်ရှောက်တတ် ကြသည့်အတွက် ပျက်စီးကုန်သည်များရှိသော်လည်း အကောင်းပကတိ ရှိနေသော တန်ဖိုးကြီးအမွေအနှစ်တို့ အများကြီးကျန်နေသည့် မြန်မာနိုင်ငံ။

သဘာဝအရင်းအမြစ်များကို သုံးချင်သလိုသုံး၊ ဖြုန်းချင်သလို ဖြုန်းခဲ့သည့်အတွက် ရေမြေတောတောင် သဘာဝအခင်းအကျင်းများ ပျက်စီး ယိုယွင်းမှုများကြားက သဘာဝအတိုင်းကျန်ရှိလှပနေဆဲ ဝန်းကျင်ဒေသတို့ အများကြီးရှိနေသေးသည့် မြန်မာနိုင်ငံဖြစ်ပါ၏။

မကြာလှသေးသည့် ရက်ပိုင်းများအတွင်းက တွစ်တာလူမှုကွန်ရက် အမှုဆောင်အရာရှိချုပ်(စီအီးအို) အမေရိကန်နိုင်ငံသား ဂျက်ဒေါ်ဆီ မြန်မာနိုင်ငံသို့ လာရောက်သွား၏။ သာမန်ကမ္ဘာလှည့်ခရီးသွားဧည့်သည် တစ်ဦးအနေနှင့်ပင် ရောက်လာခဲ့ပြီး ပြင်ဦးလွင်ရှိ ဆရာကြီး ဦးဂိုအင်ကာ တရားစခန်းတွင် ဆယ်ရက်တရားစခန်းဝင်သွားခဲ့သည်ဟု သိရ၏။ ထို့နောက် သူ့ကိုယ်တွေ့ မြန်မာနိုင်ငံနှင့် တရားစခန်းအတွေ့အကြုံများကို သူ၏ တွစ်တာစာမျက်နှာတွင် ပြန်လည်ရေးသားဖော်ပြခဲ့ပါသည်။

တွစ်တာဆိုသည်မှာ အမေရိကန်သတင်းနှင့် လူမှုကွန်ရက်တစ်ခုဖြစ်၏။ ဖေ့စ်ဘုတ်နှင့် အလားတူ ကွန်ရက်တစ်မျိုးဖြစ်ပြီး အမေရိကန်တွင် အသုံးအများဆုံးဖြစ်ကာ နိုင်ငံတကာတွင်လည်း သုံးစွဲကြသော ကွန်ရက်ဖြစ်၏။ အသုံးပြုသူ သန်းပေါင်း ၃၅၀ ကျော်ရှိနေပြီး သူ၏ပိုင်ဆိုင်မှုမှာ ၇ ဘီလီယံခွဲနီးပါးရှိ၏။

 သည်လိုကြီးကျယ်သော လူမှုကွန်ရက်တစ်ခု၏ စီအီးအိုက မြန်မာနိုင်ငံ၏ သာယာလှပပုံ၊ နိုင်ငံသားများက ဖော်ရွေပြုံးရွှင်ကြောင်း၊ အစားအသောက်များကလည်း အလွန်ကောင်းမွန်ကြောင်း၊ ရန်ကုန်၊ မ္တလေး၊ ပုဂံမြို့တို့သို့ ရောက်ခဲ့ပြီး တရားစခန်းအတွေ့အကြုံများ ရခဲ့ကြောင်း၊ ဝိပဿနာအားထုတ်ရခြင်းသည် မိမိ၏စိတ်ကို စူးစမ်းရှာဖွေ ကြည့်ရှုပြီး လွန်စွာငြိမ်းအေးမှုရရှိကြောင်း၊ သူကိုယ်တိုင် ပြုခဲ့သည့် ဒါန ကုသိုလ်များကြောင့် ပီတိဖြစ်ရကြောင်း စသည်တို့ကို သူ၏တွစ်တာ စာမျက်နှာပေါ်က ရေးသားဖော်ပြခဲ့ပါသည်။

လွန်စွာဩဇာကြီးသည့် လူမှုကွန်ရက်တစ်ခု၏ အမှုဆောင်အရာရှိချုပ် တစ်ဦး၏ သဘောထားဖော်ပြချက်ဖြစ်သောကြောင့် ချက်ချင်းဆိုသလို ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားခဲ့ပါသည်။

ဂျက်ဒေါ်ဆီက ဩဇာကြီးသည့် လူမှုကွန်ရက် စီအီးအိုဟု ဆိုသော်လည်း သူလာရောက်ခဲ့ခြင်းမှာ စီးပွားရေးအရ မပါ၊ နိုင်ငံရေးအရ မဟုတ်၊ သာမန် ခရီးသွားဧည့်သည်တစ်ဦးအဖြစ် လာရောက်ခဲ့သည့် အတွေ့အကြုံကို ရေးသားဖော်ပြခဲ့ခြင်းမျှသာ။

မြန်မာနိုင်ငံက နိုင်ငံတကာခရီးသွားများအတွက် ရုပ်ပိုင်းဆိုင်ရာ ဝန်းကျင်ဒေသများဖြင့်သာမက စိတ်နူးညံ့ငြိမ်းချမ်းမှုတို့ အတွက်ပါလာရောက်ကြစေချင်အောင် ဆွဲဆောင်မှု အထူးရှိသည့် နိုင်ငံဖြစ်ပြီး ယင်းတန်ဖိုးများကို နားလည်သဘောပေါက်ကာ ထိန်းသိမ်းစောင့်ရှောက် ပြုစုပျိုးထောင်ခြင်း၊ အားပေးထောက်ပံ့ကူညီခြင်းတို့ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အားဖြစ်မည်ဟု ယုံကြည်ပါကြောင်း။

 

မြန်မာ့အလင်း