မြန်မာ ယူ၁၆ အမျိုးသားအသင်းနှင့် လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ်များခန့်အပ်

ရန်ကုန်  ၂၇ မေ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် မြန်မာ ယူ-၁၆ အမျိုးသား လက်ရွေးစင်အသင်းနှင့် လက်ရွေးစင် အမျိုးသမီးအသင်းတို့အတွက် နည်းပြချုပ်များ ခန့်အပ်လိုက်ပြီဖြစ်သည်။ မြန်မာ ယူ-၁၆ အမျိုးသား အသင်းနည်းပြချုပ်အဖြစ် ဦးချစ်နိုင်၊ လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်တို့ကို တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယခင်မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်ဖြစ်သူ ဦးဝင်းသူမိုးနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်ပိုင်း နည်းပြချုပ်သစ် ခန့်အပ်ခဲ့ခြင်းမရှိဘဲ ယခုမှသာ အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခဲ့သော ဦးတင်မြင့်အောင်ကို နည်းပြချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

ဦးတင်မြင့်အောင်သည် ဖေဖော်ဝါရီက ယှဉ်ပြိုင်ကစားခဲ့သည့် အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲတွင်လည်း ယာယီ နည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် အမြဲတမ်းနည်းပြချုပ်အဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။

 

ဦးတင်မြင့်အောင်သည် ယခင်နည်းပြချုပ် ဦးဝင်းသူမိုး ကိုင်တွယ်စဉ်ကတည်းက အုပ်ချုပ်သူအဖြစ် တောက်လျှောက် ဆောင်ရွက်ခဲ့ပြီး အသင်းအနေအထားနှင့် ကစားသမားများအကြောင်းကို သိရှိထားသူဖြစ်သောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီက အမြဲတမ်းနည်းပြချုပ်အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

မြန်မာ ယူ-၁၆ အသင်းနည်းပြချုပ်သစ် ဖြစ်လာသည့် ဦးချစ်နိုင်သည် မြန်မာ ယူ-၂၂/ယူ-၂၁ အသင်း၏ လက်ထောက် နည်းပြအဖြစ် ကာလရှည်ဆောင်ရွက်နေသူဖြစ်ပြီး လူငယ်ကစားသမားများအား ပြုစုပျိုးထောင်မှုနှင့် စည်းကမ်းပိုင်း ကောင်းမွန်မှုတို့ကြောင့်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီက မြန်မာ ယူ-၁၆ အမျိုးသားအသင်း နည်းပြချုပ်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

ဦးချစ်နိုင်သည် ကိုရိုနာဗိုင်းရပ်စ်အပြီးတွင် မြန်မာ ယူ-၁၆ အသင်း၏ နည်းပြချုပ်အဖြစ် စတင်တာဝန်ယူမည်ဖြစ်ပြီး အသင်းအား စတင်လေ့ကျင့်မည် ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်း၏ ယခင်နည်းပြချုပ်ဖြစ်သူ ဦးမင်းသူကိုမူ လက်ထောက်နည်းပြအဖြစ် ပြောင်းလဲတာဝန်ပေးအပ်မည်ဖြစ်သည်။

 

မြန်မာ ယူ-၁၆ အသင်းသည် ယခုနှစ်အတွင်း အာဆီယံ ယူ-၁၆ ပြိုင်ပွဲသာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ ကျင်းပသည့် ကာလအပေါ်မူတည်၍ လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။ ဦးချစ်နိုင်သည် မြန်မာ ယူ-၁၉ အသင်းကို လည်း နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ယူ-၁၆ အသင်းကို ထပ်မံတာဝန်ပေးခံရခြင်း ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ