မြန်မာ ယူ-၂၂ အသင်းနှင့် ဗီယက်နမ် ယူ-၂၂ အသင်း ခြေစမ်းပွဲတွင် သရေကျ

၁၇  နိုဝင်ဘာ

 

ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၂၂ အသင်းနှင့် ဗီယက်နမ် ယူ-၂၂ အသင်းတို့ ယနေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ နှစ်ဂိုးစီသရေကျခဲ့သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် ခြေစမ်းခြင်းဖြစ်ပြီး သရေရလဒ်ရယူနိုင်ခဲ့သည်။ ယင်းနှစ်သင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ဒုတိယအကြိမ်ခြေစမ်းခြင်းဖြစ်ပြီး မြန်မာအသင်းသည် ဦးဆောင်ဂိုးများ နှစ်ကြိမ်တိုင်သွင်းယူနိုင်ခဲ့သော်လည်း သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ထိုင်းနှင့် ခြေစမ်းခဲ့သည့် ပွဲထွက်လူစာရင်းကို အနည်းငယ်သာ ပြောင်းလဲခဲ့ပြီး ဂိုး-ဆန်းဆက်နိုင်၊ နောက်တန်း-စိုးမိုးကျော်၊ ရဲမင်းသူ၊ ရဲရင့်အောင်၊ အောင်ဝဏ္ဏစိုး၊ အလယ်တန်း-နေမိုးနိုင်၊ အောင်နိုင်ဝင်း၊ လွင်မိုးအောင်၊ ရှေ့တန်း-မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေနှင့် အောင်ကောင်းမာန်တို့ ပါဝင်ကစားခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် အဝေးကွင်း၌ ပုံစံကောင်းပြသနိုင်ခဲ့ပြီး ၂၅ မိနစ်တွင် မြတ်ကောင်းခန့်၊ ၅၈ မိနစ်တွင် ဝင်းနိုင်ထွန်းတို့က ဦးဆောင်ဂိုးများ သွင်းယူခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ထိုင်း ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ထိုင်းနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာကာ ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ခြေစမ်းကစားခြင်းဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲကိုးပွဲကစားခဲ့ရာ သုံးပွဲနိုင်၊ သုံးပွဲသရေ၊ သုံးပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် တောင်ကိုရီးယားကလပ် ပိုဟန်စတီးလာစ် အသင်းကို သုံးဂိုး-တစ်ဂိုး၊ ကာတာကလပ် အယ်လ်အူဝေနာအသင်းကို သုံးဂိုး-တစ်ဂိုး၊ ကာဂျစ္စတန် ယူ-၁၉ အသင်းကို ငါးဂိုး-တစ်ဂိုးတို့ဖြင့် အနိုင်ရပြီး ထိုင်းကလပ် ချင်းမိုင်အသင်းနှင့် တစ်ဂိုးစီသရေ၊ နီပေါ ယူ-၂၂ အသင်းနှင့် နှစ်ဂိုးစီသရေ၊ ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ဒုတိယပွဲတွင် နှစ်ဂိုးစီသရေကျကာ  ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်အသင်းကို ငါးဂိုး-ဂိုးမရှိ၊ ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ပထမပွဲတွင်  နှစ်ဂိုး-ဂိုးမရှိ၊ ထိုင်း ယူ-၂၂ အသင်းကို သုံးဂိုး-နှစ်ဂိုးတို့ဖြင့် ရှုံးနိမ့်ထားသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်

 

IMG_8