မြန်မာ ယူ-၂၂ အသင်းအတွက် အရေးပါသည့် အာရှ ယူ-၂၃ ခြေစစ်ပွဲ

၁၀ မတ်

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲကို ယခုလအတွင်း ကျင်းပတော့မည် ဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်းအနေဖြင့် ခြေစစ်ပွဲအောင်မြင်ရန် လေ့ကျင့်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လျက် ရှိသည်။


အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှယူ-၂၃ ခြေစစ်ပွဲကို အုပ်စု ၁၁ ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (I) တွင် ဂျပန်၊ မကာအို၊ တီမောအသင်းတို့နှင့် ကျရောက်နေသည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီနှင့် ဒုတိယနေရာ ရအသင်းများအနက် ထိပ်ဆုံးလေးသင်း၊ စုစုပေါင်း ၁၅ သင်းမှာ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။


မြန်မာအသင်းသည် ပထမဆုံးကျင်းပသည့် ၂၀၁၄ ပြိုင်ပွဲတစ်ကြိမ်သာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး နောက်ပိုင်း ကျင်းပသည့် ၂၀၁၆၊ ၂၀၁၈ ပြိုင်ပွဲများတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း မရှိပေ။ မြန်မာအသင်းသည် ခြေစစ်ပွဲမအောင်သည့် နှစ်ကြိမ်၌ အုပ်စုဒုတိယနေရာရသော်လည်း အကောင်းဆုံး အုပ်စုဒုတိယနေရာ တွက်ချက်ရာတွင် သတ်မှတ်ထားသည့် အဆင့် မရခဲ့သောကြောင့် ခြေစစ်ပွဲမအောင်မြင်ခဲ့ခြင်း ဖြစ်သည်။


မြန်မာ ယူ-၂၂ အသင်းသည် ယခုခြေစစ်ပွဲအတွက် မတ် ၄ ရက်တွင် စတင်လေ့ကျင့်လျက်ရှိပြီး ပဏာမကစားသမား ၂၈ ဦး ရွေးချယ်ထားသည်။ မြန်မာ ယူ-၂၂ အသင်းသည် ယင်းခြေစစ်ပွဲအတွက် ပြင်ဆင်ချိန် ရက် ၂၀ နီးပါးရရှိမည် ဖြစ်ပြီး မတ် ၉ ရက်က ပထမဆုံးခြေစမ်းပွဲအဖြစ် ဂျပန်ကလပ် နီဂါတာအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ဂိုးမရှိ သရေကျခဲ့သည်။


ယင်းပြိုင်ပွဲမှာ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်အတွက် ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး ပထမဆုံး နိုင်ငံတကာပြိုင်ပွဲဖြစ်သည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင် အုပ်စုမှ ထွက်ခဲ့ရသည်။


မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အနေဖြင့် အာရှ ယူ-၂၃ ခြေစစ်ပွဲအောင်မြင်ရန် ပစ်မှတ်ထားလျက်ရှိရာ အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင် ရလဒ်ဆိုးရွားခဲ့သည့် နည်းပြချုပ် ပိုပေါ့ဗ်အနေဖြင့် ယခုခြေစစ်ပွဲတွင် အောင်မြင်မှုရအောင် စွမ်းဆောင်ပေးရမည် ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ခြေစစ်ပွဲမတိုင်မီ ပြည်တွင်းခြေစမ်းပွဲတစ်ပွဲ ထပ်မံကစားမည် ဖြစ်သည်။ 


မြန်မာ ယူ-၂၂ အသင်းတွင် နည်းပြချုပ်-ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ - ဦးချစ်နိုင်၊ ဦးစိုးမြတ်မင်း၊ ကြံ့ခိုင်ရေးနည်းပြ-ဟွမ် ရိုမန်၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ ဂိုးသမား-ဘုန်းသစ္စာမင်း (ရှမ်း)၊ ဆန်းဆက်နိုင် (ရန်ကုန်)၊ စိုးအာကာ (မကွေး)၊ ထွန်းနန္ဒဦး (မြဝတီ)၊ နောက်တန်း-ဝင်းမိုးကျော်(မကွေး)၊ ထူးခန့်လွင်၊ သူရိန်စိုး(ရန်ကုန်)၊ ရဲရင့်အောင် (၁) (ရတနာပုံ)၊ ဇင်ရဲနောင် (အား/ကာသိပ္ပံ)၊ စိုးမိုးကျော်(ဧရာဝတီ)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ဇွဲထက်မင်း(ရှမ်း)၊ အလယ်တန်း- လွင်မိုးအောင်(ဧရာဝတီ)၊ အောင်နိုင်ဝင်း၊ မြတ်ကောင်းခန့်၊ ရဲရင့်အောင် (၂) (ရတနာပုံ)၊ မြတ်ထွန်းသစ်၊ ဇေယျာနိုင်၊ စိုးလွင်လွင်(မကွေး)၊ ဟိန်းထက်အောင်(ဟံသာဝတီ)၊ ဇွဲသက်ပိုင်(ရှမ်း)၊ ရှေ့တန်း-ကောင်းထက်စိုး၊ လွှမ်းမိုးဦး (ရန်ကုန်)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ထက်ဖြိုးဝေ၊ စအောင်ပြည့်ကို (ရှမ်း)၊ အောင်ကောင်းမာန် (ဧရာဝတီ)တို့ ပါဝင်ကြသည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်