မြန်မာ ယူ-၂၂ အသင်း ဆီးဂိမ်းပြိုင်ပွဲအတွက် မနက်ဖြန်ပြန်လည်လေ့ကျင့်မည်

ရန်ကုန်  ၃  နိုဝင်ဘာ

 

မြန်မာ ယူ-၂၂ အသင်းသည် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် နိုဝင်ဘာ ၄ ရက် နေ့တွင်  ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ကာတာခြေစမ်းခရီးစဉ်အပြီး လေ့ကျင့်မှုနှစ်ရက်ရပ်နားကာ ယနေ့ပြန်လည်လေ့ကျင့်ခြင်းဖြစ်ပြီး ကာတာခရီးစဉ် သွားရောက်ခဲ့သည့် ကစားသမားအများစုဖြင့်ပင် ဆက်လက်လေ့ကျင့်မည်ဖြစ်ပြီး အပြောင်းအလဲအချို့သာ ပြုလုပ်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ပြီး ထိုင်း၊ ဗီယက်နမ် ယူ-၂၂ အသင်းတို့နှင့် ခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် နိုဝင်ဘာ ၁၃ ရက်တွင် ထိုင်း ယူ-၂၂ အသင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် ဗီယက်နမ် ယူ-၂၂ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်တွင် ထိုင်းသို့ ထွက်ခွာမည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ကာတာခရီးစဉ်တွင် ရလဒ်ကောင်းများ ရယူနိုင်ခဲ့ပြီး ခြေစမ်းပွဲသုံးပွဲကစားရာတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် မေလကတည်းက စတင်ပြင်ဆင်ခဲ့ပြီး ပြည်တွင်းပြိုင်ပွဲများကြောင့် လေ့ကျင့်မှုရပ်နားမှုများရှိခဲ့သော်လည်း စက်တင်ဘာ ၂၃ ရက်မှစ၍ ဆက်တိုက်လေ့ကျင့်လျက်ရှိသည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲခုနစ်ပွဲကစားထားပြီး နောက်ထပ်နှစ်ပွဲကစားမည်ဖြစ်ကာ ပြိုင်ပွဲမတိုင်မီ စုစုပေါင်းကိုးပွဲအထိ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ခြေစမ်းပွဲများတွင် တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းကို သုံးဂိုး-တစ်ဂိုး၊ ကာတာကလပ် အယ်လ်အူဝေနာအသင်းကို သုံးဂိုး-တစ်ဂိုး၊ ကာဂျစ္စတန် ယူ-၁၉ အသင်းကို ငါးဂိုး-တစ်ဂိုးတို့ဖြင့် အနိုင်ရကာ ထိုင်းကလပ် ချင်းမိုင်အသင်းနှင့် တစ်ဂိုးစီ၊ နီပေါ ယူ-၂၂ အသင်းနှင့် နှစ်ဂိုးစီသရေကျကာ၊ ဗီယက်နမ် ယူ-၂၂ အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်အသင်းကို ငါးဂိုး-တစ်ဂိုးတို့ဖြင့် ရှုံးနိမ့်ထားသည်။ ဗီယက်နမ် ယူ-၂၂ အသင်းနှင့်မူ ဆီးဂိမ်းမတိုင်မီ ခြေစမ်းပွဲနှစ်ပွဲ ကစားခြင်းဖြစ်သည်။

 

ယခုနှစ်ဆီးဂိမ်းပြိုင်ပွဲဝင် အသင်းများတွင် အသက်ကျော်ကစားသမား နှစ်ဦး ထည့်သွင်းကစားခွင့်ပြုထားပြီး မြန်မာ ယူ-၂၂ အသင်းတွင် ရွေးချယ်ခံထားရသည့် ကစားသမားများမှာမူ နိုဝင်ဘာ ၂၀ ရက်မှသာ အစောဆုံးပူးပေါင်းနိုင်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်