မြန်မာ ယူ-၂၂ အသင်း ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်

၂၉  စက်တင်ဘာ

 

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက်  စတင်လေ့ကျင့်ပြင်ဆင်နေပြီဖြစ်ပြီး ပဏာမကစားသမား ၃၀ ကျော်ဖြင့် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ဆီးဂိမ်းပြိုင်ပွဲအတွက် ယခုနှစ်လယ်ပိုင်းကတည်းက ပြင်ဆင်ခဲ့သော်လည်း လိဂ်ပြိုင်ပွဲများရှိနေသောကြောင့် နိုင်ငံတကာရက်သတ္တပတ်များတွင်သာ လေ့ကျင့်မှုပြုလုပ်ပြီး ခြေစမ်းပွဲများ ကစားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စက်တင်ဘာ ၂၃ ရက်မှသာ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် တောက်လျှောက်လေ့ကျင့်သွားမည်ဖြစ်ပြီး အောက်တိုဘာတတိယပတ်တွင် သွားရောက်မည့် ကာတာခြေစမ်းခရီးစဉ်မတိုင်မီ ကြံ့ခိုင်မှုဦးစားပေး လေ့ကျင့်လျက်ရှိသည်။

 

မြန်မာ ယူ-၂၂ အသင်းကို အသက်ကျော်ကစားသမားများအပါအဝင် ကစားသမား ၄၀ ဖြင့် ဖွဲ့စည်းထားပြီး အသက်ကျော်ကစားသမားများနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံထားရသည့် ကစားသမားအချို့မှာ လက်ရွေးစင်အသင်း ပွဲပြီးမှ အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် မေနောက်ဆုံးပတ်နှင့် ဇွန်ပထမပတ်အထိ ပထမအကြိမ်၊  သြဂုတ်နောက်ဆုံးပတ်မှ စက်တင်ဘာဒုတိယပတ်အထိ ဒုတိယအကြိမ် လေ့ကျင့်ခဲ့ပြီး ယင်းကာလအတွင်း ခြေစမ်းပွဲလေးပွဲကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ခြေစမ်းပွဲများအဖြစ် ဗီယက်နမ် ယူ-၂၂ အသင်း၊ တောင်ကိုရီးယားကလပ် ပိုဟန်းစတီလားစ်အသင်း၊ ထိုင်းကလပ်အသင်းများဖြစ်သည့် ချင်းရိုင်ယူနိုက်တက်၊ ချင်းမိုင်အသင်းတို့နှင့် ကစားခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကာတာနိုင်ငံ ဒိုဟာမြို့၌ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ထို့ပြင် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအနေအထားအပေါ် မူတည်၍ ခြေစမ်းပွဲများထပ်မံကစားမည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းတွင် ဂိုး-ဆန်းဆက်နိုင် (ရန်ကုန်)၊ ဘုန်းသစ္စာမင်း (ရှမ်း)၊ စိုးအာကာ (မကွေး)၊ ထွန်းနန္ဒာဦး (မြဝတီ)၊ ဇင်ညီညီအောင်(အား/ကာသိပ္ပံ)၊ နောက်တန်း-ဇင်ရဲနောင် (အား/ကာသိပ္ပံ)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း (ရှမ်း)၊ အောင်ဝဏ္ဏစိုး၊ ကျော်ဖြိုးအောင် (ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ စိုးမိုးကျော် (ဧရာဝတီ)၊ သူရိန်စိုး၊ထူးခန့်လွင် (ရန်ကုန်)၊ ဝင်းမိုးကျော်၊ ကျော်သူထွန်း (မကွေး)၊ ဇော်မင်းထွန်း (ချောင်ဘူရီ)၊ အလယ်တန်း-နေမိုးနိုင်၊ စိုးလွင်လွင်၊ ဇင်မင်းထွန်း၊ ဇေယျာနိုင် (မကွေး)၊ လွင်မိုးအောင် (ဧရာဝတီ)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း၊ပြည့်စုံနိုင်၊ လှိုင်းဘိုဘို၊ စည်သူအောင် (ရတနာပုံ)၊ ကောင်းထက်စိုး (ရန်ကုန်)၊ ကျော်မျိုးနိုင် (အား/ကာသိပ္ပံ)၊ မျိုးမင်းဖြိုး (စစ်ကိုင်း)၊ ဇွဲသက်ပိုင် (ရှမ်း)၊ ထက်လင်းလင်း၊ ဟိန်းထက်အောင်(ဟံသာဝတီ)၊ ရှေ့တန်း- အောင်သူ (မြောင်တောင်)၊ ကျော်ကိုကို (ဆာမတ်ပရာခန်)၊ ထက်ဖြိုးဝေ၊စအောင်ပြည့်ကို (ရှမ်း)၊ အောင်ကောင်းမာန် (ဧရာဝတီ)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)နှင့် သန့်ဇင်မြင့် (အား/ကာသိပ္ပံ) တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ

ဓါတ်ပုံ > MFF