မြန်မာ ယူ-၂၂ အသင်း အိမ်ရှင်ဖိလစ်ပိုင်ကို အနိုင်ယူပြီး ဆီးဂိမ်းပြိုင်ပွဲတွင် ပထမဆုံးနိုင်ပွဲရရှိ

၂၇ နိုဝင်ဘာ


ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၉ ခုနှစ် အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ရီဇယ်လ်အမှတ်တရကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာအမျိုးသားအသင်းသည် ပထမဆုံးနိုင်ပွဲအဖြစ် အိမ်ရှင်ဖိလစ်ပိုင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဖွင့်ပွဲတွင် မလေးရှားအသင်းနှင့် သရေကျခဲ့သည့် မြန်မာအသင်းသည် ယခုပွဲတွင် အနိုင်ရခဲ့သောကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရန် မျှော်လင့်ချက်ပိုကောင်းလာပြီး လက်ကျန်နှစ်ပွဲမှာလည်း အရေးပါလျက်ရှိသည်။ မြန်မာအသင်းအနေဖြင့် ရလဒ်ပိုင်းအရ ကျေနပ်စရာကောင်းသည့် ရလဒ်မျိုးဖြစ်ခဲ့သောကြောင့် ခြေစွမ်းပိုင်းအရ အကောင်းဆုံးပုံစံမရသေးဘဲ အနိုင်ရရန် ရုန်းကန်ခဲ့ရသည်။ အိမ်ရှင်ဖိလစ်ပိုင်အသင်း၏ ရုန်းကန်မှုကြောင့်လည်း မြန်မာအသင်း ပိုမိုအားထုတ်ခဲ့ရပြီး နောက်ကျဂိုးကြောင့်သာ အမှတ်ပြည့်ရခဲ့ခြင်းဖြစ်သည်။


မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် မလေးရှားနှင့်သရေကျခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲမလုပ်ဘဲ အောင်ကောင်းမာန်၊ လှိုင်းဘိုဘို၊ မြတ်ကောင်းခန့်၊ လွင်မိုးအောင်၊ ရဲမင်းသူတို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစတွင် ဖိလစ်ပိုင်အသင်းက ပိုဖိကစားနိုင်သော်လည်း နောက်ပိုင်းတွင် မြန်မာအသင်း ကစားကွက်ပြန်မိလာကာ အပြန်အလှန်ကစားနိုင်ခဲ့သည်။ ၁၆ မိနစ်တွင် မြန်မာအသင်း ဦးဆောင်ဂိုးရခဲ့ပြီး မြတ်ကောင်းခန့်၏ ဖန်တီးပေးမှုမှတစ်ဆင့် အောင်ကောင်းမာန်က သွင်းယူခဲ့သည်။ မြန်မာအသင်းသည် ဦးဆောင်ဂိုးရခဲ့သော်လည်း အိမ်ရှင်ဖိလစ်ပိုင်အသင်း၏ ရုန်းကန်မှုကြောင့် ပွဲကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ အပြန်အလှန်ကစားခဲ့ရသည်။

မြန်မာအသင်း ခံစစ်မှာ လိုအပ်ချက်များရှိနေသေးပြီး ပထမပိုင်းပြီးခါနီးတွင် ဖိလစ်ပိုင်အသင်း ချေပဂိုးပြန်ရကာ ဂျပ်စတင်က သွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် ဖိလစ်ပိုင်အသင်းက ဂိုးထပ်ရရန် တိုက်စစ်ဖွင့်ကစားရာ မြန်မာအသင်း ဂိုးမပေးရရန် ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရသည်။ မြန်မာအသင်းသည် ဂိုးထပ်ရရန် အောင်ကောင်းမာန်အစား ဝင်းနိုင်ထွန်းကိုထည့်ကာ တိုက်စစ်မြင့်ခဲ့ပြီး မိနစ် ၆၀ နောက်ပိုင်းတွင် ဂိုးရနိုင်သည့်အခွင့်အရေးများ ရရှိခဲ့သည်။ ၇၉ မိနစ်တွင် မြန်မာအသင်း အနိုင်ဂိုးရခဲ့ပြီး
မြတ်ကောင်းခန့် ဖန်တီးပေးသောဘောလုံးကို ဝင်းနိုင်ထွန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် နှစ်ပွဲကစား လေးမှတ်ရထားပြီး တတိယပွဲအဖြစ် နိုဝင်ဘာ ၂၉ ရက်တွင် တီမောအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်