မြန်မာ ယူ-၂၁ အသင်းကို ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်း

နေပြည်တော် ၁၁ မတ်

 

မြန်မာ ယူ-၂၁ အသင်းသည် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်၍ ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုလအတွင်း ကာလတို လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး နည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ဆက်လက်တာဝန်ပေးကာ အချိန်ယူပြင်ဆင်စေခြင်းဖြစ်သည်။

 

ပိုပေါ့ဗ်သည် နိုင်ငံတကာရက်သတ္တပတ်ကြောင့် လိဂ်ပြိုင်ပွဲရပ်နားသည့် ကာလများတွင် လေ့ကျင့်မှုပြုလုပ်မည်ဖြစ်ပြီး ပထမဆုံးအဖြစ် မတ် ၁၁ ရက်မှ ၂၀ ရက်အထိ ကာလတိုလေ့ကျင့်သွားမည်ဖြစ်သည်။

 

ယခုဖွဲ့စည်းလိုက်သည့် မြန်မာ ယူ-၂၁ အသင်းတွင် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းမှ ဝင်းနိုင်ထွန်းနှင့် စိုးမိုးကျော်တို့ နှစ်ဦးသာ ပြန်ပါလာပြီး ကစားသမားသစ်အများစုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

မြန်မာ ယူ-၂၁ အသင်းကို ကစားသမား ၂၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သော်လည်း အသင်းနှင့်အံမဝင်သည့် ကစားသမားများကို အပြောင်းအလဲပြုလုပ်ကာ လေ့ကျင့်ပြင်ဆင်သွားမည် ဖြစ်သည်။

 

ယခုဖွဲ့စည်းလိုက်သည့် မြန်မာ ယူ-၂၁ အသင်းတွင် ဂိုး-ဇင်ညီညီအောင် (အား/ကာသိပ္ပံ)၊ ထွန်းနန္ဒဦး (မြဝတီ)၊ အောင်ကိုလတ် (Southern)၊ နောက်တန်း-ရဲလင်းထက်၊ စိုးမိုးကျော် (ဧရာဝတီ)၊ ဇွဲထက်မင်း၊ ဇွဲခန့်မင်း (ရှမ်း)၊ သက်ပိုင်ထွေး၊ ကျော်ဖြိုးဝေ (ဇွဲကပင်)၊ သက်ဟိန်းစိုး၊ အံ့မော်ဦး (ရတနာပုံ)၊ ဟိန်းထက်စည်သူ (မကွေး)၊ ဝေလင်းအောင် (အား/ကာသိပ္ပံ)၊ အလယ်တန်း-ဟိန်း ထက်အောင်၊ ထက်လင်းလင်း (ဟံသာဝတီ)၊ ဇော်မွန်းအောင်၊ အောင် ဇေယျာဖြိုး၊ မင်းမြတ်စိုး (အား/ကာသိပ္ပံ)၊ မျိုးမင်းဖြိုး (စစ်ကိုင်း)၊ ရှေ့တန်း-ပြည့်စုံနိုင်၊ ရဲရင့်အောင် (ရတနာပုံ)၊ ဝင်းနိုင်ထွန်း (ဧရာ ၀တီ)၊ သန့်ဇင်မြင့်၊ ခင်ကျော်ဝင်း (အား/ကာသိပ္ပံ)နှင့် လွှမ်းမိုးဦး (ရန်ကုန်) တို့ ပါဝင်ကြသည်။

 

မြန်မာ ယူ-၂၁ အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ရန် မရှိသောကြောင့် လေ့ကျင့်မှုများသာ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာ ရက်သတ္တပတ်တိုင်း လေ့ကျင့်မှုပြုလုပ်သွားမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်