မြန်မာ ယူ-၁၉ ဖူဆယ်အသင်းနည်းပြချုပ်အဖြစ် ဦးဌေးမြင့်ကို တာဝန်ပေး

မေ ၃၀

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် မြန်မာ ယူ-၁၉ ဖူဆယ်အသင်းနည်းပြချုပ်အဖြစ် ဦးဌေးမြင့်ကို တာဝန်ပေးအပ်ခဲ့သည်။

 

ဦးဌေးမြင့်သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ်ဟောင်းဖြစ်ပြီး နိုင်ငံခြားသားနည်းပြ ခန့်အပ်မည်ဖြစ်သောကြောင့် နည်းစနစ်ကော်မတီသည် ယူ-၁၉ အသင်းနည်းပြချုပ်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ်သစ်ဖြစ်သူ နယ်သာလန်နိုင်ငံသား ဗစ်တာဟာမန်စ်ကို စာချုပ် ချုပ်ဆိုပြီးပါက လက်ထောက်နည်းပြအဖွဲ့ဝင်များကို တာဝန်ပေးမည်ဖြစ်ကာ ဦးဌေးမြင့်ကိုလည်း နည်းပြအဖွဲ့တွင် တာဝန်ပေးဖွယ်ရှိနေသည်။ ဦးဌေးမြင့်သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ်အဖြစ် ၂၀၁၆ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ဒုတိယနှင့် ၂၀၁၇ အာဆီယံဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည်။ မြန်မာ ယူ-၁၉ ဖူဆယ်အသင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် ဖူဆယ်လိဂ်ပြိုင်ပွဲတွင် နှစ်ရာသီဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေ တည်ငြိမ်သွားပါက လေ့ကျင့်ပြင်ဆင်မည့် အစီအစဉ်များကို ထပ်မံအတည်ပြုမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၉ ဖူဆယ်အသင်းသည် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် အာရှ ယူ-၂၀ ဖူဆယ်ပြိုင်ပွဲအတွက် အဓိကပြင်ဆင်ရမည်ဖြစ်သည်။ အာရှ ယူ-၂၀ ဖူဆယ်ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယင်းနှစ်တွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရသော်လည်း ၂၀၁၉ ခုနှစ်တွင် ခြေစစ်ပွဲမအောင်ခဲ့သောကြောင့် နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်မရခဲ့ပေ။

 

ညီမြတ်သော်တာ