မြန်မာ ယူ-၁၉ အသင်း လာမည့်နှစ်တွင် နိုင်ငံတကာပြိုင်ပွဲများစွာ ယှဉ်ပြိုင်မည်

၂၂ ဒီဇင်ဘာ

မြန်မာ ယူ-၁၉ အသင်းသည် လာမည့်နှစ်တွင် နိုင်ငံတကာပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖေဖော်ဝါရီတွင် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် ကျင်းပမည့် ဂျပန်-အာဆီယံ ဖိတ်ခေါ်ပြိုင်ပွဲတွင် ပထမဆုံးဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အခြားဖိတ်ခေါ်ပြိုင်ပွဲများလည်း ယှဉ်ပြိုင်မည် ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် သြဂုတ်လနောက်ဆုံးပတ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် ၂၀၂၀ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် အဓိကပြင်ဆင်သွားမည်ဖြစ်ပြီး ပဏာမကစားသမား ၂၀ ကျော်ဖြင့် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး ဗီယက်နမ် BTV ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် ရက်ပိုင်းသာလေ့ကျင့်မှု ရပ်နားပြီး ပြန်လည်လေ့ကျင့်နေခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများလည်း ရယူနိုင်ခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲလေးပွဲ၊ အဓိကနိုင်ငံတကာပြိုင်ပွဲနှစ်ပွဲနှင့် ပြည်တွင်းပြိုင်ပွဲတစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သော MNL ယူ-၂၁ ပြိုင်ပွဲတွင် ချန်ပီယံဆု၊ တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယ၊ ဗီယက်နမ် BTV Cup ပြိုင်ပွဲတွင် တတိယရခဲ့ပြီး အာဆီယံ ယူ-၁၈ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သာ ရောက်ရှိခဲ့သည်။ ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် ခြေစစ်ပွဲမအောင်ခဲ့ဘဲ ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် အောင်မြင်မှု မရခဲ့ကြောင်း သိရသည်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ဗီယက်နမ် BTV cup ပြိုင်ပွဲတွင် တတိယ ရခဲ့သော်လည်း ကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့် စိတ်ဓာတ်ပိုင်းမှာ အကောင်းဆုံးအနေအထားရှိခဲ့သောကြောင့် ပရိသတ်များ၏ လက်ခံအားပေးမှုကိုရခဲ့ပြီး လာမည့်နှစ်အတွက်လည်း ကာလရှည်လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်