မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း နောက်ဆုံးပွဲတွင် ထိုင်းနှင့် သရေကျ

ရန်ကုန် ၅ မတ် 

 

၂၀၁၉ ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုစတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းက ဂျပန်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာနှင့် ထိုင်းအသင်းတို့ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် နိုင်ပွဲဆက်ရန် ကြိုးပမ်းခဲ့သော်လည်း သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။ အာဆီယံဒေသတွင်းအသင်း နှစ်သင်းတွေ့ဆုံသောကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ဂိုးသွင်းခွင့်များ အသုံးမချနိုင်၍ သရေကျခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲတွင် ပွဲအားလုံးယှဉ်ပြိုင်ပြီးစီးသွားပြီး လေးပွဲကစား တစ်ပွဲနိုင်၊ သုံးပွဲသရေ ခြောက်မှတ်ရရှိခဲ့သည်။ မြန်မာအသင်းသည် ဂျပန်ကလပ် အိုကီနာဝါ ယူ-၁၉ အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး ဗီယက်နမ်နှင့် ဂိုးမရှိသရေ၊ ဂျပန်နှင့် တစ်ဂိုးစီသရေ၊ ထိုင်းနှင့် ဂိုးမရှိသရေကျခဲ့ခြင်း ဖြစ်သည်။ အုပ်စုပွဲများမှာမူ မတ် ၆ ရက်မှ ပြီးဆုံးမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုလေးပွဲကို ရက်ဆက်ကစားခဲ့ရခြင်းဖြစ်သည်။

 

ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုပတ်လည်သာ ကစားရခြင်းဖြစ်ပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အာဆီယံအမျိုးသမီး ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ယင်းပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MFF