မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း မန္တလေးခရီးစဉ်နောက်ဆုံးပွဲတွင် အနိုင်ရ

mdn

မန္တလေး ၁၈ အောက်တိုဘာ

 

မန္တလေးမြို့၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် ယနေ့ညနေပိုင်းက အား/ကာသိပ္ပံအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် မန္တလေးမြို့၌ ၁၀ ရက်ကျော်နေထိုင်လေ့ကျင့်ကာ ခြေစမ်းပွဲများကစားလျက်ရှိပြီး နောက်ဆုံးပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပထမပိုင်းတွင်သွင်းယူသည့်နှစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးများကို မြတ်နိုးခင်နှင့် စန်းသော်သော်တို့က သွင်းယူခဲ့သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အောက်တိုဘာ ၆ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့၌ လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲလေးပွဲကစားရာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ နိုင်ငံတကာခြေစမ်းပွဲအဖြစ် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်းနှင့် နှစ်ပွဲကစားရာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

 

သတင်း-ရဲရင့်ရှိုင်း