မြန်မာ ယူ-၁၉ အမျိုးသားအသင်း တောင်ကြီးမြို့၌ လေ့ကျင့်နေ

၆  အောက်တိုဘာ

 

၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ ယူ-၁၉ အမျိုးသားအသင်းသည် တောင်ကြီးမြို့၌ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

 

 

မြန်မာ ယူ-၁၉ အသင်းသည် အောက်တိုဘာ ၅ ရက်တွင် တောင်ကြီးမြို့ရှိ ပြည်နယ်ကွင်း၌ ကျင်းပသည့် We Are One Cup ဘောလုံးပြိုင်ပွဲ Grand Final မတိုင်မီ အထူးခြေစမ်းပွဲ လာရောက်ကစားခြင်းဖြစ်ပြီး ယင်းပွဲအပြီးတွင် ဆက်လက်နေထိုင်ကာ လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ခြေစမ်းပွဲအဖြစ် ရှမ်းပြည်နယ် Old Star အသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးဂိုးပြတ်အနိုင်ရခဲ့ပြီး ဂိုးများကို ပြည့်ဖြိုးအောင်၊ သူရအောင်နှင့် ရန်နိုင်လင်းတို့က သွင်းယူပေးခဲ့သည်။

 

မြန်မာ ယူ-၁၉ အသင်းသည် အောက်တိုဘာ ၁၁ ရက်အထိ တောင်ကြီးမြို့၌ လေ့ကျင့်မည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပါက အာရှခြေစစ်ပွဲအတွက် အပြီးသတ်ပြင်ဆင်သွားမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အသင်းသည် တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် ကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး အောက်တိုဘာနောက်ဆုံးပတ်တွင် ခြေစမ်းပွဲထပ်မံကစားရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းတွင် အုပ်ချုပ်သူ-ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လ/ထနည်းပြ-ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ စောထက်၊ နောက်တန်း-သက်ဟိန်းစိုး၊ ဉာဏ်လင်းထက်၊ စည်သူမိုးခန့်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ စောထော်နေမူး၊ ကောင်းခန့်ကျော် (၁)၊ မျိုးကိုကိုလင်း၊ အလယ်တန်း-ရဲမင်းကျော်၊ နောင်နောင်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ရန်ကျော်စိုး၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ မိုးဆွေ၊ ဟိန်းထက်အောင်၊ သူရအောင်၊ ရန်နိုင်လင်း၊ ပြည့်စုံနိုင်၊ ရှေ့တန်း-လမင်းထွေး၊ ညီညီ၊ စောကျော်အဲ၊ သြဘာခ၊ ရဲထက်အောင်၊ ကောင်းဇင်မိုးတို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ