မြန်မာ ယူ-၁၈ အသင်း ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲအတွက် ပြန်လည်ပြင်ဆင်

၄ ဧပြီ


မြန်မာ ယူ-၁၈ အသင်းသည် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ဧပြီ ၂ ရက်မှစ၍ ပြန်လည်လေ့ကျင့်လျက်ရှိသည်။


 မြန်မာ ယူ-၁၈ အသင်းသည် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲမှ မတ် ၃၁ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး တစ်ရက်သာနားကာ ပြန်လည်လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ယင်းပြိုင်ပွဲအတွက် ကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး MFF Youth အသင်းအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေသည့် MNL ယူ-၂၁ ပြိုင်ပွဲမှ ရွှေ့ဆိုင်းထားသည့် ပွဲစဉ်နှစ်ပွဲကို သင်္ကြန်မတိုင်မီ ပြန်လည်ကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဟောင်ကောင် ဖိတ်ခေါ်ပြိုင်ပွဲကို ဧပြီ ၁၉ ရက်မှ ၂၂ ရက်အထိ ကစားရမည်ဖြစ်သောကြောင့် သင်္ကြန်ရက်များတွင်ပါ လေ့ကျင့်မှုပြုလုပ်မည်ဖြစ်သည်။ ဟောင်ကောင်  ယူ-၁၈ ပြိုင်ပွဲတွင် အိမ်ရှင်ဟောင်ကောင်၊ မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ်တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စုပွဲများအဖြစ် မြန်မာ ယူ-၁၈ အသင်းသည် ဧပြီ ၁၉ ရက်တွင် ဟောင်ကောင်အသင်း၊ ဧပြီ ၂၀ ရက်တွင် ဗီယက်နမ်အသင်း၊ ဧပြီ ၂၂ ရက်တွင် စင်ကာပူအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


 မြန်မာ ယူ-၁၈ အသင်းတွင် နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ ဟိန်းထက်စိုး၊ နောက်တန်း- ရဲထက်အောင်၊ စည်သူမိုးခန့်၊ သော်ဇင်ထက်၊ ညဏ်လင်းထက်၊ စောကျော်ထက်၊ မျိုးချစ်ဇော်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ ကိုကို၊ ဇော်ဇော်၊ အလယ်တန်း-ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ပြည့်ဖြိုးအောင်၊ ရန်နိုင်လင်း၊ နောင်နောင်စိုး၊ သူရအောင်၊ ခွန်ကျော်ဇင်ဟိန်း ရှေ့တန်း-စောကျော်အဲ၊ ညီညီ၊ လမင်းထွေး၊ သြဘာခနှင့်  နွေအေးတို့ ပါဝင်ကြသည်။


သတင်း-ညီမြတ်သော်တာ