မြန်မာ ယူ-၁၅ အသင်း  မေဒုတိယပတ်တွင် ပြန်လည်လေ့ကျင့်မည်

၂၆ ဧပြီ

 

မြန်မာ ယူ-၁၅ အမျိုးသားအသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် မေဒုတိယပတ်တွင် ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။

 

မြန်မာ ယူ-၁၅ အသင်းသည် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး ကစားသမားများ အပြောင်းအလဲအချို့ ပြုလုပ်ပြီးမှ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား တာကူမူက ကိုင်တွယ်နေပြီး တရုတ်ဖိတ်ခေါ်ပြိုင်ပွဲနှင့် ဟောင်ကောင် ဖိတ်ခေါ် ပြိုင်ပွဲမှ ခြေစွမ်းအပေါ်မူတည်၍ ကစားသမားအချို့ အပြောင်းအလဲပြုလုပ်မည်ဖြစ်သည်။

 

မြန်မာအသင်းသည် ဧပြီလဆန်းက ယှဉ်ပြိုင်ခဲ့သည့် တရုတ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ခြေစွမ်းမြင့်မားသည့် တရုတ်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်အသင်းတို့နှင့် ကစားခဲ့ရသောကြောင့် နိုင်ပွဲမရခဲ့သလို ဟောင်ကောင်ဖိတ်ခေါ် ပြိုင်ပွဲမှာလည်း ရာသီဥတုကြောင့် ပွဲဖျက်သိမ်းခဲ့ရပြီး ပြိုင်ပွဲအစား ခြေစမ်းပွဲအဖြစ်သာ ပြောင်းလဲကစားခဲ့ရသည်။

 

မြန်မာအသင်းသည် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ဖျက်သိမ်းခဲ့ရသည့် ဟောင်ကောင်နှင့်ပွဲတွင် သုံးဂိုးပြတ် အနိုင်ရနေသော်လည်း ခြေစမ်းပွဲအဖြစ် ပြောင်းလဲကျင်းပသည့်ပွဲများတွင်မူ မလေးရှားနှင့် စင်ကာပူအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

 

မြန်မာ ယူ-၁၅ အသင်းသည် ယခုနှစ်အတွင်း အာဆီယံ ယူ-၁၅ ပြိုင်ပွဲနှင့် အာရှ ယူ-၁၆ ခြေစစ်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းသည် ယင်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများနှင့် ပြည်ပ လေ့ကျင့်ရေးခရီးစဉ်များ သွားရောက်ကစားရန် စီစဉ်ထားသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်