မြန်မာ ယူ-၁၅ အသင်း လေးနိုင်ငံ ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်လေ့ကျင့်ပြင်ဆင်

၁၁ သြဂုတ်


သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့၌ ကျင်းပမည့် ဥရောပနှင့် အာရှအသင်းများပါဝင်သည့် လေးနိုင်ငံ ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ အသင်းသည် အပြီးသတ်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ 


လေးနိုင်ငံ ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲကို သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းနှင့်အတူ မွန်တီနီဂရိုး၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဥရောပဘောလုံးအဖွဲ့ချုပ်၏ အကူအညီဖြင့် ကျင်းပခြင်းဖြစ်ပြီး ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။   မြန်မာ ယူ-၁၅ အသင်းသည် သြဂုတ် ၈ ရက် ညနေပိုင်းမှစတင်ကာ မန္တလေးမြို့၌ လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းသည် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမား ၂၃ ဦးကို အခြေခံကာ ဟံသာလင်း၊ ကောင်းခန့်ကျော်နှင့် မင်းခန့်သူတို့ကို အားဖြည့်ခဲ့ခြင်းဖြစ်သည်။  မြန်မာ ယူ-၁၅ အသင်းတွင် အုပ်ချုပ်သူ-ဦးညီညီလတ်၊ နည်းပြချုပ်-ဦးမင်းသူ၊ လက်ထောက်နည်းပြ-ဦးတင်မောင်ဝင်း၊ ဂိုးနည်းပြ-ဦးဇော်လင်းအောင်၊ ကစားသမားများအဖြစ် ဂိုး-ထက်အာကာဝင်း၊ အောင်ကျော်ဖြိုး၊ အောင်စည်သူ၊ ဟံသာလင်း၊ နောက်တန်း-ထွန်းထွန်းဝင်း၊ ထူးမြတ်ခန့်၊ အောင်ကိုမင်း၊ လတ်ဝေဖုန်း၊ မိုးခန့်၊ ဝေယံလင်းသူ၊ ကောင်းခန့်ကျော်၊ အလယ်တန်း-ကောင်းထက်ပိုင်၊ ကောင်းခန့်၊ အောင်ကျော်မင်း၊ ထက်မြတ်လွင်၊ သန်းတိုးအောင်၊ ကျော်မင်းခန့်၊ ထက်အောင်ဝင်း၊ ကောင်းဇော်လင်း၊ ရှေ့တန်း-ရန်နိုင်ထွန်း၊ ဇင်မျိုးအောင်၊ စိုင်းစိုင်းအံထူး၊ ဝေဖုန်းမြင့်ကျော်၊ မင်းသူ၊ ဟိန်းထက်ဇော်ဝင်း၊ မင်းခန့်သူတို့ ပါဝင်ကြသည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-စိုးညွန့်