မြန်မာ ယူ-၁၅ အမျိုးသားအသင်းနှင့် တရုတ် ယူ-၁၅ အမျိုးသားအသငး် ခြေစမ်းပွဲကစားမည်

၄ ဇူလိုင်

၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲနှင့် ၂၀၂၀ အာရှ ယူ-၁၆  ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၅ အမျိုးသားအသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တရုတ် ယူ-၁၅ အသင်းနှင့် တရုတ်နိုင်ငံ Haikou မြို့တွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 
  
မြန်မာ ယူ-၁၅ အသင်းသည် ဇူလိုင် ၄ရက်မှ ၇ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hailkou မြို့ရှိ Guanlan Lake Football training base တွင် နေထိုင်လေ့ကျင့်မည်ဖြစ်ပြီး ဇူလိုင် ၆ရက်တွင် တရုတ်လက်ရွေးစင် ယူ-၁၅ အသင်းနှင့် ခြေစမ်းပွဲကစားမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲကို မြန်မာစံတော်ချိန် ၂:ဝ၀ နာရီ၌ Wutuanhe Sport ကွင်းတွင် ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းကို ကစားသမား စုစုပေါင်း ၂၃ဦးဖြင့် ဖွဲ့စည်းလေ့ကျင့်လျက်ရှိသည်။

မြန်မာ ယူ-၁၅ အသင်းသည် ဧပြီတွင် တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ဟောင်ကောင် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲများအပြီးတွင် လေ့ကျင့်မှုခေတ္တရပ်နားကာ အာဆီယံပြိုင်ပွဲအတွက် ဆက်တိုက်လေ့ကျင့်နေခြင်းဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း