မြန်မာ-တရုတ်‌နယ်စပ်ဒေသ၊ နှစ်နိုင်ငံတာဝန်ရှိသူများ နယ်စပ်စီးပွားရေးပူးပေါင်း‌ ဆောင်ရွက်မှုဇုန်ဆိုင်ရာ အလွတ်သဘောတွေ့ဆုံ

မူဆယ်      ၁၀  ဧပြီ                                                       

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မြန်မာ-တရုတ်‌ နယ်စပ်ဒေသ၊ မူဆယ်မြို့နယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီ-ဂျယ်ဂေါင် နယ်စပ်ဒေသမှ နှစ်နိုင်ငံတာဝန်ရှိသူများ ဧပြီ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်(နန်းတော်ဂိတ်) ချစ်ကြည်ရေးစင်တာ၊ အစည်းအဝေးခန်းမ၌ နယ်စပ်စီးပွားရေးဆိုင်ရာ ပူးပေါင်း‌ဆောင်ရွက်မှုဇုံနှင့် ပတ်သက်ပြီး   မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့် ဦးဆောင်သည့် ဌာနဆိုင်ရာများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်(ခွဲ)၊ ပြည်သူ့အစိုးရ၊ ရွှေလီမြို့တော်ဝန် မစ္စတာရှန့်သဖုန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အလွတ်သဘောတွေ့ဆုံဆွေး‌ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ရှေးဦးစွာ နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားလာခြင်းမရှိစေရန်အတွက် တရုတ်နိုင်ငံဘက်ရှိ နယ်စပ်ဂိတ်ပေါက်များ၌ ကျန်းမာရေးစစ်ဆေးချက်များကို တင်းကြပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၊ မူဆယ်မြို့တွင်လည်း ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအသင်းများနှင့် ပရဟိတအသင်းအဖွဲ့များပူးပေါင်းပါဝင်သည့် အဖွဲ့ပေါင်းစုံမှ ကြိုတင်ကာကွယ်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း အစရှိသည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးကြပြီး၊ ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)နှင့်ပတ်သက်၍ နှစ်နိုင်ငံနယ်စပ်ဒေသ တစ်လျှောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှစ်နိုင်ငံ၊ တာဝန်ရှိသူများ ပူးပေါင်း၍ ကြိုတင်ကာကွယ်မှုများကို အဘက်ဘက်မှ အရှိန်အဟုန်မြှင့်တင်ပြီး ဆက်လက်ဆောင်ရွက်သွားကြရန် ဆွေးနွေးသည်။

ယင်းနောက် နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူများက နှစ်နိုင်ငံ နယ်စပ်စီးပွားရေးဆိုင်ရာ ပူးပေါင်း‌ဆောင်ရွက်မှုဇုံထူ‌ထောင်ရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးကြပြီး လက်ရှိ(ကိုဗစ်-၁၉)ရောဂါ တိုက်ဖျက်ရေးကာလတွင် ကုန်စည်စီးဆင်းမှု မရပ်တန့်စေရေးအတွက် ကုန်တင်ယာဉ်ကြီးများကို အထူးကြပ်မတ်ဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ကြပြီး လက်ရှိ တရုတ်နိုင်ငံ၊ ဂျယ်ဂေါင်ဘက်တွင် အချိန်ကြာမြင့်စွာရပ်တန့်နေရသည့် မြန်မာကုန်တင်ယာဉ်ကြီးများကို မြန်မာနိုင်ငံဘက်သို့ လျင်မြန်ချောမွေ့စွာ ပြန်လည်ဝင်ရောက်လာနိုင်ရေး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုင်းဘဉာဏ်(ပြန်/ဆက်)