မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ (ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ၁၇ ဒီဇင်ဘာ

မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ (ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ဒီဇင်ဘာ  ၁၇  ရက် နံနက် ၁၀  နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေး ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာ-တရုတ် နှစ်နိုင်ငံသဘောတူညီချက်များအရ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်အတွက် မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများက တာဝန်ရှိသူများ ပါဝင်သော ဒေသအဆင့်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားခဲ့ရာ ၎င်းအဖွဲ့အနေဖြင့် နှစ်နိုင်ငံ ချိတ်ဆက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပခဲ့ကြောင်း၊ မြန်မာဘက် ပူးပေါင်းဆောင်ရွက်မှု ဇုန်တည်နေရာနှင့် ဧရိယာ သတ်မှတ်တင်ပြနိုင်ရေးအတွက် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဇုန်၏ မြေရာအသုံးချခွင့်ရရှိရေးအတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်း၍ ဆောလျင်စွာစိစစ် ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ဧရိယာ သတ်မှတ်ပြီးမှသာ ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ မူဘောင်သဘောတူညီချက်ကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခြင်းအပါအဝင် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် လုပ်ငန်းစဉ်အားလုံး မြန်ဆန်ချောမွေ့စေရေးအတွက် ဗဟိုကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ဗဟိုကော်မတီအဖွဲ့ဝင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်း၊ ဗဟိုကော်မတီ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဗဟိုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြခဲ့ကြသည်။

 

ထို့နောက် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင် အကောင်အထည်ဖော် ရေးဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက မြန်မာဘက်မှ ပူးပေါင်းဆောင်ရွက်မှုဇုန် တည်နေရာနှင့် ဧရိယာသတ်မှတ်တင်ပြနိုင်ရေးအတွက် ကွင်းဆင်း လေ့လာမှု ဆောင်ရွက်ခဲ့သည့် အခြေအနေကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)