မြန်မာ- ထိုင်း သံတမန်ဆက်ဆံရေး နှစ်(၇၀) ပြည့်မြောက် နှစ်နိုင်ငံစီးပွားကုန်သွယ်မှု ပိုမိုမြင့်တက်လာ

ရန်ကုန် ၇ ဇွန်

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းထိုင်းနိုင်ငံတို့ သံတမန်ဆက်ဆံရေး နှစ်(၇၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်လာသည်နှင့်အမျှ နှစ်နိုင်ငံစီးပွားရေး ကုန်သွယ်မှုမှာလည်း တစ်နှစ် ထက်တစ်နှစ် ပိုမိုမြင့်တက်လာခဲ့သည်။ ယနေ့တွင် အဆိုပါ မြန်မာ- ထိုင်း သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ Top Thai Brands 2018 ကုန် စည်ပြပွဲကြီးကျင်းပရာ ယင်းကုန်စည်ပြပွဲသို့ တက်ရောက်လာသော နှစ်နိုင်ငံ စီးပွားရေးမြှင့်တင်မှုကဏ္ဍမှ တာဝန်ရှိသူများနှင့် ပွဲစီစဉ်သူအား မြန်မာ့အလင်းသတင်းအဖွဲ့မှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့မှုများကို ရေးသား ဖော်ပြလိုက်ပါသည်။

ဦးအောင်စိုး(ညွှန်ကြားရေးမှူးချုပ်)၊ မြန်မာ့ကုန်သွယ်မှုမြင့်တင်ရေးဌာန

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

 

 

မြန်မာနဲ့ ထိုင်းကုန်သွယ်မှုဆက်ဆံရေးက ပိုမိုတိုးတက်ကောင်းမွန်လာပါတယ်။ ဒါကြောင့် ဒီလိုပွဲတွေ နှစ်တိုင်းလိုလိုလုပ်ခဲ့ပါတယ်။ Top Thai Brands နာမည်နဲ့လုပ်တာဆို သုံးနှစ်ရှိပြီ။ ဒီပြပွဲမှာ ထိုင်းနိုင်ငံရဲ့ အကောင်းဆုံးပစ္စည်းတွေကို မိတ်ဆက်ခွင့်ရသလို မြန်မာဘက်ကလည်း စိတ်ကြိုက်ရွေးခွင့်ရမယ်။ အလားတူ မြန်မာဘက်ကလည်း မိမိကုန်ပစ္စည်းတချို့ ပြသထားပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှုကတော့ တဖြည်းဖြည်း တိုးတက်နေတာတွေ့ရတယ်။ အခုဆိုရင် နှစ်နိုင်ငံ ကုန်သွယ်မှုက ၅ ဘီလီယံလောက်ဖြစ်လာပြီ။ သွင်းကုန်က တော့များတယ်။ ပို့ကုန်ကတော့ နည်းပါသေးတယ်။ ဒါပေမယ့် နှစ်ခုပေါင်းလိုက်ရင် ၅ ဘီလီယံလောက်ရှိတယ်။ နှစ်ဘက်ကုန်သွယ်မှုက ဖြည်းဖြည်းချင်းတက်နေတယ်။ ပို့ကုန်အနေနဲ့ကတော့ သဘာ၀ဓာတ်ငွေ့၊ ရေထွက်ကုန်၊ သတ္တု၊ စိုက်ပျိုးရေးထွက်ကုန်၊ အထည်အလိပ်တွေပို့ပါတယ်။ ပို့ကုန်မြင့်မားဖို့ အဓိကလိုအပ်မှုပြောရရင် မြန်မာပြည်မှာရှိတဲ့ ထုတ်ကုန်တွေ အရည်အသွေးမြှင့်တင်ဖို့၊ ကုန်ကျစရိတ်လျှော့ချ ယှဉ်ပြိုင်နိုင်ဖို့ အဓိကဖြစ်တယ်။ ထိုင်းနိုင်ငံမှာ မြန်မာထွက်ကုန်ဈေးကွက် အားကောင်းတာတွေ အများကြီးရှိတယ်။ ဒါပေမယ့် အရည် အသွေးအရ အဆင့်မြင့်မြင့်ပေးပို့နိုင်ဖို့တော့ လိုအပ်တယ်။ နောက်တစ်ခုက သယ်ယူစရိတ်နဲ့ လော်ဂျက်စတစ် တွေကလည်း ကြီးမားနေတယ်။ ဒါတွေကို လျှော့ချနိုင်မယ်ဆိုရင် ဒီကကုန်ပစ္စည်းတွေ ထိုင်းကို များများတင် ပို့နိုင်မှာပါ။

ကုန်သွယ်မှုမြှင့်တင်ရေးကို ဂရုစိုက်ပြီးလုပ်နိုင်ဖို့အတွက် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကို ပြီးခဲ့တဲ့ နှစ်နှစ် အတွင်းက စပြီးဖွဲ့ခဲ့တယ်။ ဖွဲ့လိုက်တယ်ဆိုကတည်းက ဒါဟာအလုပ်လုပ်ဖို့ အဆင်သင့်ပြင်လိုက်တာပဲ။ ပြီးတော့ အဲဒီမတိုင်ခင်ကတည်းက အမျိုးသားပို့ကုန် မဟာဗျူဟာ လုပ်နေတယ်။ အဲဒီထဲမှာ ဦးစားပေးပို့ကုန်တွေလည်း ရွေးထားပြီးသား။ ဆန်၊ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ရေထွက်ကုန်၊ သစ်တော၊ အထည်ချုပ်၊ ခရီးသွားလုပ်ငန်း ဒါတွေကို စနစ်တကျရွေးချယ်ထားတယ်။ နောက်ထပ်ပြီးတော့လည်း သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ လယ်ယာထွက်ကုန် အခြေခံတဲ့စားသောက်ကုန်တွေ၊ ဒါတွေကို ယှဉ်ပြိုင်နိုင်ဖို့ လျာထားသတ် မှတ်ထားတယ်။ အဲဒါတွေနဲ့ ပတ်သက်တဲ့လုပ်ငန်းစီမံချက်တွေလည်း ရေးဆွဲထားပြီးပြီ။ အဲဒီအတိုင်းပဲ အ ကောင်အထည်ဖော်နေတယ်။



H.E. Mr. Jukr Boon- Long 

ထိုင်းသံအမတ်ကြီး

 

 

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကုန်သွယ်မှုပိုင်းမှာ ပိုမိုမြှင့်တင်ဖို့ ရည်ရွယ်ပြီး ဒီပွဲကိုကျင်းပတာဖြစ်တယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ အိမ်နီးချင်းကောင်းတွေအဖြစ် ရပ်တည်ခဲ့တာကြာပါပြီ။ မြန်မာနိုင်ငံရဲ့ ဈေးကွက်ဟာ အခုဆိုရင် အလွန်ကြီးမားလာပါတယ်။ ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံကနေ အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေယူလာပြီး မြန်မာ့ဈေးကွက်မှာ မိတ်ဆက်ပေးတာဖြစ်တယ်။ ပစ္စည်းကိုယူလာပြီး ရောင်းချရုံ သက်သက် ဆိုတာမျိုး ဒီပွဲကို ကျင်းပတာမဟုတ်ပါဘူး။ နှစ်ဘက်စီးပွားရေးကို ပိုပြီးပူးပေါင်းနိုင်အောင် ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။ အနာဂတ်မှာလည်း မြန်မာနိုင်ငံဟာ ကိုယ်ပိုင် ပစ္စည်းတွေထုတ်လုပ်ပြီး နိုင်ငံရပ်ခြားကို တင်ပို့ရောင်းချနိုင်တဲ့ အခြေအနေတစ်ခုထိဖြစ်အောင်ရည်ရွယ်ပြီး အခုလို နှစ်နိုင်ငံပူးပေါင်းကျင်းပတာဖြစ်တယ်။ ဒါကြောင့်မို့ အနာဂတ်မှာဆိုရင် နှစ်နိုင်ငံ ပိုပြီးပူးပေါင်းသွားမယ့်အစီအစဉ်တွေ အများကြီးရှိတယ်။ အခုလို ကုန်စည်ပြပွဲကို မန္တလေး၊ တောင်ကြီး အစရှိတဲ့အခြားသော မြို့တွေမှာလည်း ကျင်းပသွားဖို့ ရည်ရွယ်ချက်ရှိပါတယ်။

ကိုဖြိုးကိုကိုနိုင်

(မြန်မာ- ထိုင်း ကုန်စည်ပြပွဲ စီစဉ်သူ)

 

 

ဒီပွဲက Top Thai Brands 2018 ပေါ့။ ကျွန်တော်တို့လုပ်တာ သုံးနှစ်ရှိပြီ။ ထိုင်းရဲ့ နာမည်အကြီးဆုံး ကုန်အမှတ်တံဆိပ် ၁၀ဝ ကို မြန်မာနိုင်ငံမှာ အမြဲပြပွဲလုပ်ဖြစ်ပါတယ်။ ဒါကတော့ သုံးကြိမ်မြောက်ပါ။ ဒီပွဲမှာ ထိုင်းကုန်သည်ပေါင်း ၁၀ဝ ကျော်လောက် ပါဝင်တယ်။ ဒီနှစ်က မြန်မာ- ထိုင်း သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်ဖြစ်တဲ့အတွက် မြန်မာရော၊ ထိုင်းအတွက်ပါ အမှတ်တရဖြစ်စရာပါ။ ဒီပွဲမှာ ရွေးချယ်ထားတဲ့ Perfor mances တွေ၊ Show တွေကအစ မြန်မာ- ထိုင်း နှစ် (၇၀) ပြည့် သံတမန်ဆက်ဆံရေးကို ဖော်ကျူးထားတာကို တွေ့ရမှာဖြစ်တယ်။ စီးပွားရေးအရ ပြောရရင် မြန်မာနဲ့ ထိုင်းဟာ ကုန်သွယ်ဘက်တွေပါ။ အိမ်နီးချင်းနိုင်ငံ များရဲ့ အကြီးဆုံး ကုန်သွယ်ဘက်ထဲမှာ ပါပါတယ်။ မြန်မာလူမျိုးတွေအနေနဲ့လည်း ထိုင်းထုတ်ကုန် အမှတ် တံဆိပ်အပေါ်မှာ ယုံကြည်မှု ရှိကြတယ်။ ဒီပွဲကိုလုပ်ခြင်းအားဖြင့် ထိုင်းတွေအနေနဲ့လည်း ဈေးကွက်အသစ် ကိုရှာပြီးမှ သူတို့ပိုတိုးတက်လာ တာဖြစ်သလို၊ မြန်မာတွေအ နေနဲ့လည်း သူတို့ဆီကနေတစ်ဆင့် နည်းပညာ အမှတ်တံဆိပ်ကို ဘယ်လိုရအောင်လုပ်လည်းဆိုတာ ဒီပွဲကနေလေ့လာပြီး ပြန်ပြီးအသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီပွဲမှာ ထိုင်းကအစားအသောက် အဖျော်ယမကာ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ကျန်းမာရေးအလှအပဆိုင်ရာနဲ့ အမှတ်တရလက် ဆောင်ပစ္စည်း အားလုံးပါဝင်အောင် ထည့်သွင်းပြီး စုစုပေါင်း ဆိုင်ခန်း ၁၁၀ ကျော်နဲ့ ခင်းကျင်းထားပါတယ်။ ဒီပွဲကနေ ကုန်စည်ခင်းကျင်းတာ၊ ထုတ်ပိုးတာ၊ ရောင်းချတဲ့နည်းစနစ် ဒါတွေက မြန်မာ့စီးပွားရေးလောကအတွက် အတွေ့အကြုံကောင်းတွေ ယူနိုင်မယ်လို့ မျှော်လင့်သလို စီးပွားရေးဖွံ့ဖြိုးတိုး တက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ယနေ့စတင်ကျင်းပသော မြန်မာ- ထိုင်း သံတမန် နှစ် (၇၀) ပြည့်အထိမ်းအမှတ် Top Thai Brands 2018 ကုန် စည်ပြပွဲကြီးကို ယနေ့ဇွန် ၇ ရက်မှ ၁၀ ရက်အထိ လေးရက်တိုင်တိုင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ရာ ပြပွဲသို့ မည်သူမဆို အခမဲ့လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။ မြန်မာ- ထိုင်း သံတမန် နှစ် (၇၀) ပြည့်အထိမ်းအမှတ် Top Thai Brands 2018 ကုန်စည်ပြပွဲသို့ နှစ်နိုင်ငံနာမည်ကြီး အနုပညာရှင်များတက်ရောက်ရာ From Bangkok to Mandalay ဇာတ်ကားမှ နာ မည်ကြီးသရုပ်ဆောင်များဖြစ်ကြသော အကယ်ဒမီနေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ထိုင်းမင်းသမီး နန့်ဝမ် တို့ တက်ရောက်ခဲ့သည်။ 


သတင်း- မျိုးကျော်(ကနောင်သွေး)၊ ဓာတ်ပုံ- မင်းထက်