မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အဖွဲ့ လွိုင်ကော်မြို့သို့ လာရောက်လေ့လာ

လွိုင်ကော် ၁၄  သြဂုတ်

 

Amazing Kayah Travel & Tours Co.,Ltd . နှင့် Mae Hong Son T.N & Family Tours Co.,Ltd  မှ Caravan Tours  တို့ပူးပေါင်း၍ ကယားပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ချစ်ကြည်ရေးခရီးသွားအဖွဲ့ မှ သြဂုတ်လ ၁၁ ရက်နေ့တွင် ညနေ  ၃ နာရီ မိနစ် ၄၀ တွင် ချစ်ကြည်ရေးခရီးသွားအဖွဲ့မှ ခရီးသွားအဖွဲ့ခေါင်းဆောင် ထိုင်းနိုင်ငံသား Mr. Phanudate Chaisagoon (ယာဉ်မောင်း/ဆက်ဆံရေး)ပါ ကျား (၂၈)ဦး၊ မ (၃)ဦး စုစုပေါင်း (၃၁)ဦးတို့သည် သြဂုတ် ၁၁ ရက်မှ ၁၄ ရက်အထိ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ အထင်ကရ နေရာများသို့လည်ပတ်ရန် ကား (၃)စီး၊ ဆိုင်ကယ် (၂၂)စီးဖြင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့မှ ထိုင်း-မြန်မာနယ်စပ် BP-13 ဝင်ပေါက်မှတဆင့် ဝင်ရောက်လာကြကြောင်း သိရသည်။

 

ဆက်လက်၍ အဆိုပါချစ်ကြည်ရေးခရီးသွားအဖွဲ့နှင့် Amazing Kayah Travel & Tours Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာ စိုင်းပန်ဖ မှ လိုက်ပါလျက်  သြဂုတ် (၁၂)ရက်နေ့တွင် ၎င်းအဖွဲ့တို့ စီးနင်းလာသော မော်တော်ဆိုင်ကယ်/ ကားများဖြင့် လွိုင်ကော်မြို့၏ အထင်ကရ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)တွင် ဘုရားဖူးမြော်ကြပြီး ဒီးမော့ဆိုမြို့နယ်ရှိ ကန်ခုနှစ်ဆင့်တွင် သဘာဝရှုခင်းများအား ကြည့်ရှုလေ့လာခဲ့ကြသည်။

 

 

ထို့နောက် သြဂုတ်လ (၁၃) ရက်နေ့တွင် သီရိမင်္ဂလာဈေးသို့ လည်ပတ်ခဲ့ကြပြီး လွိုင်ကော်မြို့၏ အထင်ကရဖြစ်သော လောပိတရေအားလျပ်စစ်စက်ရုံသို့ဝင်ရောက်လေ့လာကာ View Point မှ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ 

 

ယင်းနောက် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ သီရိဒေါ ကယားရိုးရာ စားသောက်ဆိုင်၌ ရိုးရာအစားအစားများ စားသောက်ကာ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း နယ်စပ်ရှိ ထီးစဲခါးရေတံခွန်သို့ သွားရောက်ကာ ရေချိုးခြင်း၊ ရေတံခွန်နှင့် သဘာဝရှုခင်းများအား မှတ်တမ်းတင် ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ချစ်ကြည်ရေးခရီးသွားအဖွဲ့သည် သြဂုတ်လ (၁၄)ရက် နံနက်ပိုင်းမှစ၍ လွိုင်ကော်မြို့မှ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့သို့ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

 

ကိုစိုင်း (လွိုင်ကော်)