မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး သံဃာအပါးသုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မန္တလေးမြို့တွင် ဒီဇင်ဘာ ၈ ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မန္တလေး ၂၂ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာအလှူရှင်များနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဓမ္မကာယ ဖောင်ဒေးရှင်း အလှူရှင်များ စုပေါင်း၍ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ဒီဇင်ဘာ ၈ ရက်နေ့တွင် မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို သံဃာအပါး သုံးသောင်းအား တစ်နေရာတည်း၌ တစ်စုတစ်ဝေးတည်း ဖူးမြော်ကြည်ညို လှူဒါန်းခွင့်ရရှိကြစေရန်နှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ကျင်းပရေးလုပ်ငန်းကော်မတီမှ သံဃာတော်တစ်ပါးလျှင် နဝကမ္မအလှူတော်ငွေ သုံးသောင်းနှင့်အာရုံဆွမ်း၊ နေ့ဆွမ်းများ၊ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး အဆိုပါဆွမ်းဆန် စိမ်းလောင်းလှူပူဇော်ပွဲသို့ မည်သူမဆို လာရောက်ဆင်နွှဲ၍ ကြည်ညိုပါဝင်လောင်းလှူကြရန် ဖိတ်ခေါ်ကြောင်း ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။

သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ သံဃာတော်တွေ တစ်စုတစ်ဝေးတည်း စုပေါင်းပြီး ပရိတ်ရွတ်ဆိုသံကို ကြည်ညိုသဒ္ဓါပွားများစွာ နာယူခွင့်ရကြမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက သံဃာအပါး ၆၀ နဲ့ ၁၀၀ အကြား ကြွရောက်လာကြမှာဖြစ်ပြီး ကျန်တဲ့ သံဃာတော်တွေကိုတော့ မန္တလေးခရိုင်အတွင်းမှာရှိတဲ့ ဝါဆိုသံဃာတော်တွေကို ပင့်ဖိတ်လောင်းလှူသွားမှာ ဖြစ်ပါတယ်။ ဒီလောင်းလှူပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့ နာယက ကော်မတီ၊ ဦးစီးကော်မတီ၊ အခမ်းအနားကျင်းပရေးကော်မတီ၊ အထောက်အကူပြု ကော်မတီတွေ ဖွဲ့စည်းပြီး ဒီအဖွဲ့တွေရဲ့အောက်မှာ အဖွဲ့ခွဲတွေ အဆင့်ဆင့်ဖွဲ့စည်းပြီး ဆောင်ရွက်သွားမှာပါ။ သံဃာတစ်ပါးစီအတွက် လောင်းလှူမယ့် နဝကမ္မ သုံးသောင်းကျပ်နဲ့ အာရုံဆွမ်း၊ နေ့ဆွမ်းအတွက် ငွေကျပ် သုံးထောင်၊ စုစုပေါင်း သံဃာတစ်ပါး စီအတွက် ငွေကျပ် ၃၃၀၀၀ ကို မြန်မာနိုင်ငံနဲ့  ထိုင်းနိုင်ငံက တစ်ဝက်စီ အကုန်အကျခံ လှူဒါန်းတာ ဖြစ်ပါတယ် ''ဟု ၎င်းက ပြောသည်။

အဆိုပါ သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် သံဃာအပါး တစ်သောင်းနှင့်အထက် လှူဒါန်းကြမည့် အလှူရှင်များ၏ လှူဖွယ်ပစ္စည်းများကို ဒီဇင်ဘာ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ  လေယာဉ်ကွင်းအတွင်း လက်ခံသိမ်းဆည်း၍ လောင်းလှူရန် နေရာများ သတ်မှတ်စီစဉ်ပေးမည်ဖြစ်ပြီး သံဃာတော် ငါးထောင်နှင့် တစ်သောင်းကြား လှူဒါန်းလိုသူများအတွက် လှူဖွယ်ပစ္စည်းများကို လက်ခံသိမ်းဆည်း ပေးခြင်းမပြုသော်လည်း လောင်းလှူရန်နေရာများ သတ်မှတ်စီစဉ်ပေးသွားမည်ဖြစ်ကြောင်းနှင့် တစ်ပိုင်တစ်နိုင် လှူဒါန်းလိုသူများ အနေဖြင့်လည်း လစ်လပ်သည့်နေရာများမှ လောင်းလှူနိုင်ကြောင်း သိရသည်။

မန္တလေးမြို့တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲများကို ပထမအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် သံဃာအပါး တစ်သောင်းအား မန္တလေးတောင်ခြေ၌လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် သံဃာအပါး နှစ်သောင်းအား ချမ်းမြသာစည် လေယာဉ်ကွင်း၌လည်းကောင်း လောင်းလှူပူဇော်ခဲ့ပြီး ယခုနှစ်တွင် တတိယအကြိမ်မြောက်အဖြစ် သံဃာအပါး သုံးသောင်းအား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)