မြန်မာ MMA ကစားသမား အောင်လအန်ဆန် စိန်ခေါ်ပွဲများသာ ထိုးသတ်ရမည်

ရန်ကုန် မတ် ၆

မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် ဖေဖော်ဝါရီ ၂၅ ရက်က ထိုးသတ်သည့်ပွဲတွင် ဘစ်ဒက်ရှ်ကို အရေးနိမ့်ခဲ့သဖြင့် ကမ္ဘာ့ချန်ပီယံလုပွဲ ထိုးသတ်ခွင့်ရဦးမည်မဟုတ်ဘဲ စိန်ခေါ်ပွဲများသာ ထိုးသတ်ရမည်ဖြစ်သည်။

စောင့်ဆိုင်းရမည် အောင်လအန်ဆန်သည် ဘစ်ဒက်ရှ်ကို အနိုင်ရပါက မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ပြန်လည်စိန်ခေါ်နိုင်မည့် အခွင့်အရေးရနိုင်သော်လည်း အရေးနိမ့်ခဲ့သဖြင့် အချိန်ပြန်လည်စောင့်ဆိုင်းရမည် ဖြစ်သည်။ ထို့ကြောင့် အောင်လအန်ဆန်သည် ယင်းအခွင့်အရေး ရရှိရန် စိန်ခေါ်ပွဲများ ထပ်မံထိုးသတ်ရမည်ဖြစ်ပြီး ရလဒ်ဆက်တိုက်ကောင်းမှသာ ယင်းအခွင့်အရေး ပြန်လည်ရရှိဖွယ် ရှိနေသည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု လက်လွှတ်ရပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဘရာဇီးနိုင်ငံသား လီအန်ဒရိုနှင့် ထိုးသတ်ခဲ့ရာ ပထမအချီတွင် အလဲထိုးအနိုင်ရခဲ့သည်။ သို့သော် ယခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က ထိုးသတ်သည့် ဒုတိယမြောက် စိန်ခေါ်ပွဲတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့် အရေးနိမ့်ခဲ့သဖြင့် အခွင့်အရေးပိုဝေးသွားခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ဘစ်ဒက်ရှ်ကို အရေးနိမ့်ပြီးနောက်ပိုင်း အကောင်းဆုံးပုံစံဖြင့် ပြန်လာနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - ONE Championship