မြန်မာ-ဂျာမနီ နှစ်နိုင်ငံအကြား ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ရန်ကုန် ၂၀ ဖေဖော်ဝါရီ

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ဂျာမနီဖက်ဒရယ် သမ္မတ နိုင်ငံ အစိုးရတို့အကြားပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့် ရှောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၃)နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ ကျင်းပသည်။

 

 

အဆိုပါ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အသိသက်သေအဖြစ်တက်ရောက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ တာဝန်ရှိသူများတက် ရောက်ကြသည်။ ထို့နောက် နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံကိုယ်စား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ ကလည်းကောင်း၊ ဂျာမနီ နိုင်ငံကိုယ်စား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E.Mrs Dorothee Jantgke Wergel ကလည်းကောင်း လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။

 

 

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံအစိုးရ၏ ပုဂံဒေသယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ကူညီထောက်ပံ့မှုများနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအကြောင်းမှာ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် သြဂုတ်လ(၂၄)ရက်နေ့က ပြင်းအား(၆ဒသမ၈)မက်ဂနီကျူ့ လှုပ်ခတ် သွားသည့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ ဘုရားပေါင်း (၃၈၉)ဆူပျက်စီးခဲ့သည့် အနက် ဂျာမနီနိုင်ငံက နန်းဘုရားကာကွယ်ထိန်းသိမ်းခြင်း (စီမံကိန်း ၁)နှင့် ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသမှ နရသီဟပတေ့(တရုတ်ပြေး) ဘုရားရှိ နံရံဆေးရေး ပန်းချီများအား ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းရေးသင်တန်း(စီမံကိန်း ၂) တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နည်းပညာအကူအညီများ ထောက်ပံ့ ပေးခြင်းဖြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ် အနုလက်ရာများအား မူလပုံစံအတိုင်း ပြုပြင် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက်ဖြစ်သည်။

 

 

(MDN)