မြန်မာ့ အဆို အက အရေး အတီးပညာ သို့မဟုတ် မြန်မာ့အနုသုခုမပညာ

မြန်မာ့ အဆို အက အရေး အတီးပညာ သို့မဟုတ် မြန်မာ့အနုသုခုမပညာ

 

စန်းနီလာဝင်း

 

ယဉ်ကျေးမှုဟူသည် လူမျိုး၏နှလုံးသည်းပွတ်သဖွယ်ဖြစ်သည်။ လူသည် မည်မျှခွန်အားဗလ ကောင်းစေကာမူ နှလုံးသည်းပွတ် ချို့ယွင်းပါက အသက်ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ မည်မျှပင် မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ အဆမတန် ကြွယ်ဝနေစေကာမူ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မှု မရှိပါလျှင် လူမျိုးပါ ကွယ်ပျောက်သွားဖွယ် ရှိပါသည်။

 

ယဉ်ကျေးမှုဟုဆိုရာ၌ ခေတ်၏အခြေအနေ၊ လူတို့၏ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု လက်မှုအနုပညာ လက်ရာများ၊ အဆို၊ အက၊ အတီး၊ အရေးဟူသော အနုသုခုမပညာများ၊ အရေးအသား၊ အတွေးအခေါ်၊ အမြော်အမြင်စသည့် စာရေးရာများ နှင့် ရိုးရာဓလေ့ထုံးစံ၊ ဘာသာ အယူဝါဒ ယုံကြည်မှု များအပြင် လူနေမှုပုံစံစသည်တို့ ပါဝင်ကြသည်။ စာပေနှင့် ဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု၊ လက်မှု အတတ်ပညာရပ်များသည် အနုပညာဖြစ်၍ အဆို၊ အက၊ အရေး၊ အတီးပညာရပ်တို့မှာ သုခုမ ပညာပင် ဖြစ်ပါသည်။

 

ရှုမဝသည့် အနုအလှအယဉ် မြန်မာ့သုခုမသဘင်

 

အမိမြန်မာပြည်သည် ရှေးဟောင်းယဉ်ကျေးမှု ခိုင်ခံ့ခဲ့သော နိုင်ငံတစ်နိုင်ငံပင်ဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နှီးနွှယ်မှု ရှိလင့် ကစား နိုင်ငံရေး၊ စီးပွားရေး၊ စစ်မက်ရေး၊ လူမှု ဆက်ဆံရေးနှင့် ကိုယ်ပိုင်အနုပညာ စာပေ ဘာသာ ယဉ်ကျေးမှုစာပေစသည်တို့တွင် မြန်မာ့စရိုက်၊ မြန်မာ့မူဟန်၊ မြန်မာ့ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့် ရပ်တည်နေထိုင်ခဲ့သည့် နိုင်ငံပင်ဖြစ်သည်။ တိုင်းတစ်ပါး ယဉ်ကျေးမှုများနှင့် ယှက်နွှယ်ခဲ့သော်လည်း မြန်မာမှု၊ မြန်မာ့ဟန် လုံးဝမပျောက်ခဲ့သည်မှာ ထူးခြားလှသော မြန်မာ့ယဉ်ကျေးမှု အမြုတေ လက္ခဏာပင် ဖြစ်သည်။

ခေတ်တစ်ခေတ်၏ ယဉ်ကျေးမှုအနုပညာ လက်ရာများသည် တိုင်းပြည်၏ လူနေမှုအဆင့်အတန်းကို ဖော်ထုတ်နိုင်စွမ်းရှိသည်နှင့်အညီ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်က ထွန်းကားခဲ့သည့် ဗိဿနိုး၊ သရေခေတ္တရာနှင့် ဟန်လင်းစသော ပျူမြို့ပြနိုင်ငံများကို မှီငြမ်း၍ ကြည့်မည်ဆိုပါလျှင် မြန်မာ့ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့ပုံကို ခန့်မှန်း၍ သိသာနိုင်ပါသည်။

 

မြန်မာ့ အဆို အက အရေး အတီး၏ အစ

 

လူ့ယဉ်ကျေးမှု၏အစသည် တေးဂီတနှင့် အကတို့မှပင် ဖြစ်ဟန်ရှိပါသည်။ ပျော်မြူးရွှင် ပျော်သည့်အခါဖြစ်စေ၊ စိတ်အားငယ်ညှိုးနွမ်းသည့် အခါ ဖြစ်စေ၊ စိတ်တက်ကြွသည့်အခါဖြစ်စေ ဖွင့်ဆို ထုတ်ဖော်ကြရာမှ တေးဂီတဖြစ်လာဟန် တူပါသည်။ သားကောင်များလိုက်ရင်းဖြစ်စေ၊ စစ်ချီတက်ရင်း ဖြစ်စေ၊ ပျော်ရွှင်ကြသည့်အခါ ဖြစ်စေ ခံစားမှု သရုပ်ဖော်သောအကဟူ၍ ပေါ်ပေါက်လာ ခဲ့ရသည်။

 

တေးဂီတသည် လူ့သမိုင်းဦးကပင် ပေါ်ပေါက်ခဲ့သည်ဖြစ်ရာ စာပေရေးသားမှု မပေါ်ပေါက်မီကပင် ဂီတသံပေါ်ပေါက်လာခဲ့သည်။ ဂီတသံစဉ်ဖြင့် နှုတ်မှရွတ်ဆိုလာခဲ့ကြသည်ဟု ဂီတသုတေသီတို့က လက်ခံထားကြသည်။ မြန်မာ့ဇာတ်သဘင်တေးဂီတ သည်လည်း မြန်မာ့သမိုင်းဦးနှင့်ပင် အတူယှဉ်တွဲ လာခဲ့သည်။ မြန်မာစာပေသမိုင်းကို စိစစ်ရာ ပုဂံခေတ်မှသာ အစပြုနိုင်သော်လည်း မြန်မာ့ ဇာတ်သဘင် သမိုင်း၏အစကို ပျူခေတ်မှပင် စတင် ရပါလိမ့်မည်။

ပျူခေတ်မှ တေးသီချင်းတို့သည် သရေခေတ္တရာ ခေတ် တေးသီချင်းများ ဖြစ်ပေါ်ရေး၏ အကြောင်း ရင်းခံဖြစ်လာသည်။ သရေခေတ္တရာခေတ်၏ တေးသီချင်းများကို အရင်းခံ၍ ပုဂံခေတ် တေး သီချင်းများ ဖြစ်ပေါ်လာခဲ့ရသည်။ ထို့အတူ ပုဂံခေတ်၏ တေးသီချင်းများကို အကြောင်းရင်းခံ၍ ပင်းယ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်းဝခေတ် တေးသီချင်းများ ဖြစ်ပေါ်လာခဲ့ရသည်။

 

မြန်မာတိုင်းရင်းသားတို့၏ သီဆိုတီးမှုတ်ကခုန် မှု သုခုမပညာရပ်တို့သည် မြန်မာနိုင်ငံတွင် လွန်ခဲ့ သည့် နှစ်ပေါင်း ၂၀၀၀ ကျော်မှစ၍ ဆင်းသက်ခဲ့ပြီး ပုဂံခေတ်ဦးကပင် ဗုဒ္ဓဘာသာစာပေ၊ ကျမ်းဂန်၊ ယဉ်ကျေးမှုများရှိလာသဖြင့် ငါးရာ့ငါးဆယ် ဇာတ်တော်များကို ရုပ်တုထုလုပ်ခြင်း၊ နံရံပန်းချီများ ရေးဆွဲခြင်း၊ ကခုန်ဟန်များကို ပုဂံနံရံဆေးရေး ပန်းချီများတွင် တွေ့ရှိရခြင်းမှာ ဇာတ်တော်၏ သရုပ်ဖော်ခန်းများကို ကဟန်လှုပ်ရှားဟန်ဖြင့် ဆင်နွှဲပြသရန် လွယ်ကူခဲ့ဟန်တူသည်ဟု မြန်မာ စာပေပညာရှင် ဆရာဇော်ဂျီ (ဆရာဦးသိန်းဟန်၊ တက္ကသိုလ်များ စာကြည့်တိုက်မှူးနှင့် မြန်မာ့သမိုင်း ကော်မရှင်ဥက္ကဋ္ဌ -(အငြိမ်းစား)က ရသစာပေနိဒါန်း စာအုပ်တွင် မှတ်တမ်းတင်ရေးသားဖော်ပြခဲ့သည်ကို ဂုဏ်ယူဖွယ် လေ့လာတွေ့ရှိရပါသည်။

 

မြန်မာ့ရိုးရာအက ပုဂံမှ

 

ဆရာဇော်ဂျီကပင် မြန်မာ့ရိုးရာအက ပုဂံမှ စတင်ခဲ့ပုံကို ပုဂံခေတ်က စေတီတန်ဆောင်း၊ ဂူကျောင်းဘုရား၊ အလှူပွဲများ၌ နရည်းတီးလေ့ ရှိသည့်အပြင် အရုဏ်တက်ဆွမ်းချက်ချိန်၊ ဆွမ်း ကပ်ချိန်၊ ဘုရားဝတ်ပြုချိန်များတွင် စည်နရည်း စသောတူရိယာများတီးမှုတ်လေ့ရှိကြောင်း၊ လှူဒါန်း ရေစက်ချရာ၌ စည်းပတ်သားတံပိုးခရာ၊ နရည်းခရာ၊ နောင်နင်းခွက်ခွင်းစသော တူရိယာများနှင့် ယင်းတို့ကို တီးမှုတ်သူ ပန်တျာသည်တို့ ပါဝင်ကြောင်း၊ ထိုစဉ်က ယခင်သီဟိုဠ် (ယခုသီရိလင်္ကာ)နှင့် ပုဂံတို့ နှစ်နိုင်ငံဆက်ဆံရေး ရှိခဲ့ပြီဖြစ်ရာ ဘုရား ဂုဏ်တော်များကို ရည်မှန်းပူဇော်သော သီဟိုဠ်အဆို အတီးအကများ ပါရှိလာခဲ့ကြောင်း၊ ပုဂံ အာနန္ဒာ ဘုရား၏ ပန်းတမော့လက်ရာတစ်ခု၌ ဘုရားနံရံများ ပေါ်တွင် ဒိုးပတ်တီးသော ဟန်တစ်မျိုးနှင့် အမျိုးသမီးများ စီတန်းသီဆိုကပြနေပုံများကို တွေ့ရှိရကြောင်း၊ အာနန္ဒာဘုရားနံရံမှ ကကြိုး ကဟန်များသည် မျက်မှောက်ခေတ် ယိုးဒယား အကဟု ခေါ်ဝေါ်နေသော ကဟန်တို့နှင့် လွန်စွာ တူလှကြောင်း၊ သို့ရာတွင် ပုဂံအင်ပါယာကြီး ကြီးမားထွန်းတောက်နေချိန်မျိုးတွင် ထိုစဉ်က ယိုးဒယားမှာ နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိသေးကြောင်း၊ ထို့ကြောင့် ယိုးဒယားအကဟု ခေါ်ဆိုနေ သော မြန်မာတို့၏ အကများသည် ယိုးဒယားအက မဟုတ်ဘဲ ပုဂံခေတ်မှ ဆင်းသက်လာသော မြန်မာအကပညာအစစ်သာလျှင်ဖြစ်ကြောင်း စသည်ဖြင့် သမိုင်းတင် ဖော်ပြခဲ့ပါသည်။

 

မြန်မာစာပေနှင့် သမိုင်းပညာရှင် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဆရာကြီး ဒေါက်တာ ထင်အောင်ကလည်း ပျူအက အဆို အတီး တေးဂီတများကို ထောက်ရှု၍ မြန်မာနိုင်ငံ၌ သဘင်ထွန်းကားနေကြောင်း၊ နန်းတွင်းအငြိမ့် ထိုင်ဆိုများရှိနေကြောင်း သိသာလှပါသည်ဟု သုတေသနပြု ဖော်ထုတ်တင်ပြခဲ့ပါသည်။

 

ပန်တျာဟူသော ဝေါဟာရ

 

ဤနေရာတွင် ပန်တျာဟူသော ဝေါဟာရ အသုံးအနှုန်းကို ဖော်ပြလိုပါသည်။ တောင်ငူခေတ် နန်းတွင်းစာဆို နဝဒေးကြီး၏ မနော်ဟရီပျို့၌ ပန်ကို ပန်းဟု စပ်ဆိုခဲ့ကြောင်း၊ ပန်ဆိုသည်မှာ လေးစား ခြင်း၊ လှပခြင်းဖြစ်၍ တျာဆိုသည်မှာ အသံဟု မှတ်အပ်ကြောင်း၊ ပန်တျာဟူသည်မှာ လေးစားအပ် သော တူရိယာဖြစ်ကြောင်း စသည်ဖြင့် မြန်မာစာပေ ပညာရှင် ဆရာဟံသာဝတီ ဦးဘရင်က ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။ မြန်မာစာပေပညာရှင် ဆရာဦးဖိုးလတ်၏ မြန်မာစကား အဖွင့်ကျမ်းတွင် “ပန်ဟူသည်မှာ အတတ်ပညာ၊ တျာဟူသည်မှာ တီးမှုတ်ခြင်း၊ ပန်တျာဟူသည်မှာ တီးမှုတ်သီဆို ကပြခြင်း အတတ်ပညာ” ဟုလည်းကောင်း၊ မြန်မာ စာပေပညာရှင် ဆရာဦးသော်မြင့်ကလည်း ပုဂံ ခေတ်တွင် လှည်းဝင်ရိုးသံ တညံညံ စကားအရ ကျောက်သားပကတိ ခိုင်ခံ့သော အင်္ဂတေနှင့် စေတီများ တည်ထားခဲ့သော ဗိသုကာအနုပညာအဆင့် အတန်းမြင့်မားခဲ့ကြောင်း၊ “ရုပ်သေးအစ၊ ကျုံးသုံးတန် နှင့် ပုဂံက”ဟူသော စကားအရ ကြေး၊ ကြိုး၊ သားရေ၊ လေနှင့် လက်ခုပ်တူရိယာငါးပါးဖြင့် ဘာသာရေး ဆိုင်ရာ အခမ်းအနားများ၌ စည်းပတ်သားများ တီးမှုတ်ခဲ့ကြောင်း၊ “စည်သဘင်သည်” ဟူသော ဝေါဟာရမှာ တူရိယာတို့ကို ကြပ်မတ်ဦးဆောင် ရသည့် ပညာရှိဟုလည်းကောင်း၊ အနုသုခုမ အဆို အက အရေး အတီး ပညာများကို “ပန်တျာသည်” ဟု ခေါ်ဝေါ်ခဲ့ကြောင်း မှတ်တမ်းတင် ရေးသားဖော်ပြ ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

 

လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၂၀ ပြည့်ကတည်းက တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးအရ သွားရောက်တင်ဆက်ခဲ့သည့်  ပျူတေးဂီတ အနုသုခုမပညာရှင် အဖွဲ့

 

သရေခေတ္တရာ ဧကရာဇ်နိုင်ငံတော်ခေတ်ဖြစ်သော ပျူခေတ်ကပင် ဂီတအနုသုခုမသဘင် ပညာသည် အထွတ်အထိပ် နေရာတွင်ရှိခဲ့ပြီး အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံသို့ သံတမန်ဆက်ဆံရေးအရ ပျူတေးဂီတ အနုသုခုမပညာရှင်အဖွဲ့ သွားရောက်တင်ဆက်ခဲ့သည်ကို တရုတ်ထန်မင်း ဆက် အုပ်ချုပ်ပုံစာတမ်း၌ ဂုဏ်ယူလေးစားစွာ မှတ်တမ်းတင်ထားခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ထိုစဉ်ကတရုတ်ဘုရင် “တဲကျန်း”၏ နန်းတွင်း အတွင်းဝန် “ကဗျာစာဆို ပေါ်ကျူယိ” က ဤသို့ ကဗျာရှည်တစ်ပုဒ် ရေးဖွဲ့၍ ဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည်။ ထိုတရုတ်နန်းတွင်း ဂန္ထဝင်ကဗျာရှည်ကို မြန်မာဘာသာဖြင့် ပြန်ဆိုခဲ့ရာ-

“(၁)  ပျူနိုင်ငံဂီတပါတကား၊

(၂)  ပင်လယ်ကြီး အနောက်တောင်ဘက်မှ လာရောက်ခဲ့ပါသည်၊

(၃)  ယုန်ချန်၏ သားတော်သုနန္ဒသည်၊

(၄)  တောင်ပိုင်းနိုင်ငံဂီတကို ဆက်သလာ၍ နှစ်ဦးမင်္ဂလာကန်တော့ပွဲသို့ ရောက်လာ ပါသည်၊

(၅) တဲကျန်းက အခမ်းအနားအသွယ်သွယ် ဖြင့် နန်းတော်တွင် စံနေပါသည်၊

(၆) နားနှစ်ဖက်ကို မပိတ်ဘဲ နားထောင်နေ ပါသည်၊

(၇) ခရုသင်းကို တစ်ချက်မှုတ်လိုက်လျှင် ဦးထိပ်သျှောင်ထုံး လာတုန်ခါ၍၊

(၈) ကြေးဖြင့်ပြီးသော စည်ကြီးကို အချက် ပေါင်းများစွာ တီးခတ်လိုက်လေသော် ထိုးကွင်းထိုးထားသော ကိုယ်လက် အင်္ဂါက လှုပ်ရှားလာသည်၊

(၉) ဦးထိပ်တွင် ပန်ဆင်ထားသော ပုလဲကုံး သို့မဟုတ် ကျောက်မျက်ကုံးသည် တောက်ပြောင်နေ၍ ကြယ်တာရာများ လှုပ်နေဘိသကဲ့သို့ပင်၊

(၁၀) ဆင်ယင်ထားသော ပန်းကုံးများသည်လည်း လှုပ်ရှားလျက် မြွေနဂါးများ တွားသွား လှုပ်ရှားနေဘိသကဲ့သို့၊

(၁၁) ပျူဂီတပညာရှင်များ တေးသီချင်း သီဆို ပြီးသောအခါ မင်းသားကြီးသည် ဘုရင် ဧကရာဇ်အား ဤသို့ သံတော်ဦးတင် သည်၊

(၁၂) ကျွန်တော်မျိုး၏ ဖခင် ခမည်းတော်သည် ထန်မင်းဆက်၏ ပိုင်နက်အပြင်ဘက် တွင် ခံစားလိုပါသည်၊

(၁၃) လက်ဝဲလက်ယာ မှူးမတ်ကြီးများက တစ်ခဲနက် ကောင်းချီးဩဘာ ပေးကြ၏၊

(၁၄) ဧကရာဇ်မင်း၏ ဘုန်းတန်ခိုးကြီးမား ကျယ်ပြန့်လှသည်တကား၊

(၁၅) များမကြာမီမှာပင် မှူးမတ်ကြီးများသည် ညီလာခံဆောင်တွင် စုရုံးကြလျက်၊

(၁၆) နှိမ်ချွေဝပ်တွားကာ သံတော်ဦး တင်လွှာ ဆက်၍ ဧကရာဇ်မင်းမြတ်အား မေတ္တာ ပို့ ကောင်းချီးဩဘာ ပေးကြသည်၊

(၁၇) ပျူနိုင်ငံသားတို့၏ ဂီတအသစ်အဆန်း ဆက်သလာသည်ကို တွေ့မြင်ရှုစားခဲ့ပြီး ဖြစ်၍၊

(၁၈) ယင်းအဖြစ်သနစ်ကို သားစဉ်မြေးဆက် မှတ်သားသိရှိနိုင်ကြအောင် ရာဇဝင် မော်ကွန်းတင်ထားပါရန် ပန်ကြားအပ် ပါသည်” ဟု အဓိပ္ပာယ်ရရှိပါသည်။

 

တရုတ်နန်းတွင်း အတွင်းဝန် ကဗျာကဝိ “ပေါ်ကျူယိ”၏ မော်ကွန်းတင် ဂန္ထဝင်လင်္ကာရှည် ကြီးကို သမိုင်းအမြင်ဖြင့် လေ့လာကြည့်ပါက ရှေးခေတ်ပျူတေးဂီတပညာရှင်အဖွဲ့၏ အဆို အက အရေး အတီး အနုသုခုမ ပန်တျာ စွမ်းရည်က တရုတ်ဧကရာဇ်နှင့် နန်းတွင်းသူ နန်းတွင်းသား အားလုံးသဘောကျအောင်မြင်စွာ သိမ်းကျုံးစုစည်း လွှမ်းမိုးနိုင်ခဲ့သည်ကို ဂုဏ်ယူဝံ့ကြွားဖွယ် တွေ့မြင်ကြရမည် ဖြစ်ပါသည်။

 

အမျိုးသားယဉ်ကျေးမှုအဆင့် တည်တံ့မြင့်မားရေး နှင့်အမျိုးသားရေးတာဝန်

 

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်မှစတင်၍ မြန်မာ့ ယဉ်ကျေးမှုအနုသုခုမပညာကို ထိန်းသိမ်းမြှင့်တင် ရေးခံယူချက်ဖြင့် အမျိုးသားယဉ်ကျေးမှု အဆိုအက အရေး အတီးပြိုင်ပွဲများကို အောင်မြင်စွာ စတင် ကျင်းပလာခဲ့ရာ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် (၂၃)ကြိမ်တိုင် လာခဲ့ပါပြီ။

 

ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီး အနု သုခုမ ပညာရပ် တို့သည် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုအသွင်ဖြင့် ထူးခြားသော အမျိုးသားရေးလက္ခဏာတို့ကို ဖော်ဆောင်လျက်ရှိပါသည်။ မြန်မာ့ရိုးရာယဉ်ကျေး မှုနှင့် မြန်မာ့အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းရာ၌ အရိုးကို အရွက်မဖုံးရအောင် နိုင်ငံတော်အစိုးရက ဦးဆောင်၍ အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို ဂုဏ်ယူလေးစားအားရဖွယ် မြင်တွေ့ရပါသည်။

 

အမျိုးသားရေးလက္ခဏာများကို စံထားနိုင်ရေးအတွက် ယဉ်ကျေးမှုကဏ္ဍအလိုက် သက်ဆိုင်ရာ ကျွမ်းကျင်သည့် ပညာရှင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများကို တာဝန်ပေးအပ်နှင်းကာ တိမ်မြုပ်နေသော မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ခြင်း၊ ရိုးရာအစစ်အမှန်ဖြစ်အောင် စိစစ်ခြင်းတို့ကို ဆောင်ရွက်ဖော်ဆောင်နေသည်ကိုလည်း အားရဖွယ်တွေ့ရပါသည်။

 

မြန်မာ့သမိုင်းတစ်လျှောက်မှ ယဉ်ကျေးမှုအမွေ အနှစ်များနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ခံယူချက်ဖြင့် မျိုးဆက်သစ်များကို လက်ဆင့်ကမ်း အမွေပေးရေးတာဝန်မှာ နိုင်ငံတော်အစိုးရသာမက မျိုးချစ်စိတ်ရှိကြသည့် မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း အမျိုးသားရေးတာဝန်ကိုယ်စီ ရှိနေကြပါသည်။ မြန်မာတို့၏ မိမိကိုယ်ပိုင် အမျိုးသားယဉ်ကျေးမှုကို ဂုဏ်ယူရကောင်းမှန်း၊ ထိန်းသိမ်း စောင့်ရှောက်ရကောင်းမှန်း မသိပါက ဇာတိဂုဏ်၊ အမျိုးဂုဏ်တို့ကို နားမလည်ပါက မိမိအမျိုးကို အထင်သေးပြီး တိုင်းတစ်ပါးသားတို့ကို တစ်ဖက်သတ် အထင်ကြီး အားကိုးသူများဖြစ်လာမှာ သေချာသည်။

 

ဤနေရာတွင် တိုက်ဆိုင်၍ လွန်ခဲ့သည့် ၁၉၈၁ ခုနှစ်က စာနယ်ဇင်းဌာနတွင် စာရေးသူ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဝါသနာရှင် စာနယ်ဇင်းဝန်ထမ်းများကို ညနေပိုင်း ပန်တျာကျောင်းသို့စေလွှတ်ပြီး အဆို၊ အက၊ အရေး၊ အတီး ပညာတို့ကို သင်ကြား လေ့ကျင့်စေခဲ့ပါသည်။ လေ့ကျင့်သားရလာသည့် ဝန်ထမ်းများအား မဟာဂီတ၊ ခေတ်ဟောင်း၊ အနှစ်နှစ်ဆယ်၊ ကာလပေါ် တေးသီချင်းဟူ၍ လေးမျိုးခွဲခြားကာ အဆိုပြိုင်ပွဲများကိုကျင်းပပေးခဲ့သည်။ ထိုပြိုင်ပွဲများတွင် အကဲဖြတ်ဂီတပညာရှင်များအဖြစ် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဒုတိယဗိုလ်မှူးကြီး အငြိမ်းစား ဦးစံမြင့် (ကွယ်လွန်)၊ ဆိုင်းပညာရှင်သုတေသီ ဆရာဦးစိန်ဗိုလ်တင့် (ကွယ်လွန်)၊ မြန်မာ့အသံဂီတမှူး အငြိမ်းစား ဂီတ စာဆိုတေးသံရှင် ဆရာ ဂီတာဦးတင်အုန်းတို့က ဦးဆောင်ပြီး အလင်္ကာကျော်စွာ စောင်းဦးဘသန်း၏ သားဖြစ်သူ စန္ဒရားထိပ်တင်ဝင်း တီးဝိုင်းဖြင့် တွဲဖက်တီးခတ် ယှဉ်ပြိုင်စေကာ ဂုဏ်ပြုသူများ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးခဲ့ပါသည်။

 

ထို့ပြင် စာရေးသူ၏ ထိုစဉ်က တေးကဗျာနယ် အပျော်တမ်းတူရိယာအဖွဲ့တွင် ထိုဆုရပြိုင်ပွဲဝင် ဝန်ထမ်းများကို ဆရာ ဘိုကလေးတင့်အောင်၊ ဆရာ မောင်ဆွေနွယ်၊ ဆရာ ဂီတာတင်အုန်းတို့၏ တေး သီချင်းများဖြင့် အသံသွင်းထုတ်လွှင့်ခဲ့ရာ မြန်မာ့ အသံတွင် ဓာတ်ပြားရခဲ့ပါသည်။ ထိုစဉ်က လမ်းစဉ် လူငယ်ဌာနချုပ်မှ မျိုးဆက်သစ်တေးသံရှင်များ အဖြစ် ကိုရန်ပိုင်စိုး (ကွယ်လွန်)၊ ကိုညိုမြလေး (ကွယ်လွန်)တို့မှာ အောင်မြင်ကျော်ကြားလာခဲ့သည်ကို ကိုယ်တွေ့ကြုံတွေ့ခဲ့ရပါသည်။

 

ယင်းသမို့ကြောင့် အဆို၊ အက၊ အရေး၊ အတီး အနုသုခုမပညာရပ်တို့သည် မိဘပြည်သူ ပရိသတ် တို့အား ရသအနုပညာဖြင့် ဘဝအသိပညာနှင့် ရသခံစားမှုတို့ကို ထိရောက်စွာပေးစွမ်းနိုင်သည့် အမြုတေရတနာတစ်ပါးပင် ဖြစ်ပါသည်။ “ဂီတ စွမ်းအား ပြည်ထွန်းကား” ဟူသော ဆောင်ပုဒ်မှာ အမျိုးသားယဉ်ကျေးမှုအနုပညာ၏ ခံယူချက်နှင့် အားမာန်ဖြစ်ပါသည်။ အမျိုးသားယဉ်ကျေးမှု အနုပညာကို ကျောခိုင်းမိပါက သရုပ်ပျက်အနုပညာနှင့်အတူ ပရိသတ်ကို အဆိပ်အတောက်ဖြစ်စေသည်မှာ မြေကြီးလက်ခတ်မလွဲနိုင်ပါ။

 

အချုပ်ဆိုပါလျှင် ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို-

 

(၁) အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊

(၂) တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ၊ အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေး၊

(၃) အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ် ပိုမိုထွန်းကားစေရန် ရိုးရာ ယဉ်ကျေးမှုအနုပညာများကို ဖော်ထုတ် ထိန်းသိမ်းပြီး မျိုးဆက်သစ် လူငယ်များ သို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊

(၄) ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုအလွှာမှ အထောက်အကူပြုနိုင်ရေးဟူသော ဦးတည်ချက်များနှင့်အညီ ကျင်းပခြင်းသည် မြန်မာ့ ယဉ်ကျေးမှု အနုသုခုမစင်မြင့်တွင် မျိုးဆက်သစ် အနုပညာရှင်များမှာ ရေဇလာမြင့်သည်နှင့်အမျှ ရွှေကြာပွင့်လည်းတင့်လာမည်မှာမလွဲဧကန် ဖြစ်ပါသတည်း။