MNL တစ်လတာ အကောင်းဆုံးဆုကို ဦးအောင်နိုင်နှင့် နန္ဒကျော်ရရှိ

၂၄ စက်တင်ဘာ 


မြန်မာနေရှင်နယ်လိဂ် ကော်မတီက ရွေးချယ်ချီးမြှင့်လျက်ရှိသည့် တစ်လတာ အကောင်းဆုံးဆု သြဂုတ်/ စက်တင်ဘာအတွက် ဆုများကို ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်နိုင်နှင့် တောင်ပံကစားသမား နန္ဒကျော်တို့က ရရှိခဲ့သည်။


အဆိုပါ အကောင်းဆုံးဆုများကို စက်တင်ဘာ ၂၄ ရက်က သုဝဏ္ဏကွင်း၌ ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲမတိုင်မီ ပေးအပ်ချီးမြင့်ခဲ့သည်။ 


ရှမ်းယူနိုက်တက်အသင်းသည် သြဂုတ်တွင် ယှဉ်ပြိုင်သည့် သုံးပွဲနှင့် စက်တင်ဘာတွင် ယှဉ်ပြိုင်သည့် တစ်ပွဲ၊ စုစုပေါင်း လေးပွဲစလုံး အနိုင်ရခဲ့သောကြောင့်  ဦးအောင်နိုင်က အကောင်းဆုံး နည်းပြဆု ရရှိခဲ့ခြင်း ဖြစ်သည်။ 


ဦးအောင်နိုင်သည် လအလိုက်အကောင်းဆုံးဆုကို ဒုတိယအကြိမ် ရရှိခဲ့ခြင်း ဖြစ်သည်။  နန္ဒကျော်မှာမူ ယင်းလေးပွဲတွင် နှစ်ဂိုးသွင်းယူပြီး လေးကြိမ်အထိ ဂိုးဖန်တီးမှုပြုလုပ်နိုင်သောကြောင့် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ခြင်း ဖြစ်သည်။


ရှမ်းအသင်းသည် အမှတ်ပေးပြိုင်ပွဲတွင် ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်ထားပြီး လအလိုက် အကောင်းဆုံးဆုများကိုပါ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။


ယခုရာသီတွင် ချီးမြှင့်ခဲ့သည့် လအလိုက် အကောင်းဆုများအနက်  ဇန်နဝါရီလတွင် ဦးအောင်ကျော်မိုး (ရတနာပုံ)နှင့် ဝင်းနိုင်ထွန်း ( ရတနာပုံ)၊ ဖေဖော်ဝါရီ/မတ်တွင် ဦးငွေထွန်း (ဟံသာဝတီ) နှင့် လှိုင်းဘိုဘို (ရတနာပုံ)၊ ဧပြီတွင် ဦးအောင်ကျော်မိုး (ရတနာပုံ) နှင့် ဆယ်လာ (ရန်ကုန်)၊ မေ/ဇွန်တွင် ဦးအောင်နိုင် (ရှမ်း) နှင့် အဘူဘာကာ (ရခိုင်)၊ ဇူလိုင်တွင် ဦးတင်မောင်ထွန်း (ရန်ကုန်) နှင့် ဇင်မင်းထွန်း (မကွေး)၊ သြဂုတ်/ စက်တင်ဘာတွင် ဦးအောင်နိုင် (ရှမ်း) နှင့် နန္ဒကျော် (ရှမ်း)တို့ ရရှိခဲ့သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်