MNL ရာသီဝက်အပြောင်းအရွှေ့ကာလ ဇူလိုင်သို့ ထပ်မံပြောင်းလဲ

၃၁ မေ

 

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ၂၀၂၀ ရာသီအတွက် MNL ရာသီဝက် အပြောင်းအရွှေ့ကာလကို ဇူလိုင် ၁ ရက်မှ ၂၅ ရက်အထိ ထပ်မံပြောင်းလဲခဲ့ကြောင်း မေ ၂၇ ရက် ရက်စွဲဖြင့် ကလပ်အသင်းများထံ အကြောင်းကြား ခဲ့သည်။

 

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရာသီဝက်အပြောင်းအရွှေ့ကာလကို ထပ်မံပြောင်းလဲခဲ့ရခြင်းဖြစ်ပြီး ယခင်က ဧပြီ ၆ ရက်မှ မေ ၆ ရက်အထိ စတင်သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဇွန် ၁ ရက်မှ ၃၀ ရက်သို့ ပြောင်းလဲခဲ့ရသည်။ ထို့ပြင် MNL အမှတ်ပေးပြိုင်ပွဲမှာ ဇူလိုင်တွင် စတင်ကျင်းပ နိုင်ဖွယ်မရှိသောကြောင့် ရာသီဝက်အပြောင်းအရွှေ့ကာလကို ရက်ပြောင်းလဲခဲ့ရခြင်း ဖြစ်သည်။ 

 

ရာသီဝက် အပြောင်းအရွှေ့ကာလတွင် ကလပ်အသင်းများအနေဖြင့် ကစားသမားသစ်များ ခေါ်ယူခြင်း၊ မှတ်ပုံတင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။ ပြည်တွင်းဘောလုံးပြိုင်ပွဲများကို မတ် ၂၄ ရက်ကတည်းက ရပ်နားထားသော်လည်း ကစားသမားသစ်ခေါ်ယူခြင်းများရှိခဲ့ပြီး ရန်ကုန်အသင်းက ရှမ်းယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်းမတိုးဘဲ လမ်းခွဲခဲ့သည့် လက်ရွေးစင်တောင်ပံကစားသမား ရန်နိုင်ဦးကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။

 

ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များခေါ်ယူမည့် အသင်းများစွာရှိနေပြီး နိုင်ငံခြားသား ကစားသမားလဲလှယ်ခြင်း၊ အသစ်ခေါ်ယူမည့်အသင်းအချို့လည်း ရှိနေသည်။

 

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ရပ်နားထားသည့် MNL အမှတ်ပေးပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။

 

သတင်း-ညီမြတ်သော်တာ