MNL ပြိုင်ပွဲတွင် ရတနာပုံအသင်း နိုင်ပွဲပြန်ရ

၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၅) နောက်ဆုံးနေ့ကို အောက်တိုဘာ ၁၃ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ ရတနာပုံအသင်းက GFA အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

နှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေသည့် ရတနာပုံအသင်းသည် ယခုပွဲတွင် နိုင်ပွဲပြန်ရှာတွေ့ခဲ့ပြီး သက်နိုင်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သည်။ တန်းဆင်းဇုန်အန္တရာယ်ရှိနေသည့် GFA အသင်းသည် ရှုံးပွဲကြုံတွေ့ခဲ့သဖြင့် ဆက်လက်ရုန်းကန်ရဦးမည်ဖြစ်သည်။

ရတနာပုံအသင်းသည် လှိုင်းဘိုဘို၊ သက်နိုင်၊ မျိုးကိုထွန်း၊ ဇော်ရဲထွန်း၊ ရဲရင့်အောင်တို့ဖြင့် လူစုံခဲ့သလို GFA အသင်းကလည်း နိုင်ငံခြားသားကစားသမားများအပါအဝင် လူစုံအသုံးပြုခဲ့သည်။ ရတနာပုံအသင်းသည် ပွဲစကတည်းကတိုက်စစ်ဖွင့်ကစားခဲ့သလို GFA အသင်းကလည်း အမှတ်လိုနေသဖြင့် ဂိုးရရန် ကြိုးပမ်းခဲ့သည်။ လှိုင်းဘိုဘိုနှင့် မျိုးကိုထွန်းပြန်ပါလာသဖြင့် ရတနာပုံအသင်း ကွင်းလယ်ကစားပုံပြန်ကောင်းလာပြီး ၃၅ မိနစ်တွင် သက်နိုင်က တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် GFA အသင်းက ချေပဂိုးရရန် ကြိုးပမ်းလာသော်လည်း ရတနာပုံအသင်း ခံစစ်အမှားအယွင်းမရှိ ဖျက်ထုတ်နိုင်ခဲ့ပြီး အနိုင်ရလဒ် ထိန်းကစားခဲ့သည်။

ပွဲစဉ် (၁၅) အပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ၁၃ ပွဲကစား ၃၃ မှတ်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ရန်ကုန်အသင်းက ၁၃ ပွဲကစား ၂၉ မှတ်၊ ဟံသာဝတီအသင်းက ၁၄ ပွဲကစား ၂၆ မှတ်၊ မြဝတီအသင်းက ၁၃ ပွဲကစား ၂၄ မှတ်၊ ဧရာဝတီအသင်းက ၁၃ ပွဲကစား ၂၃ မှတ်၊ ရတနာပုံအသင်းက ၁၃ ပွဲကစား ၂၁ မှတ်၊ အားကာသိပ္ပံအသင်းက ၁၃ ပွဲကစား ရမှတ် ၂၀၊ GFA အသင်းက ၁၄ ပွဲကစား ကိုးမှတ်၊ မဟာယူနိုက်တက်အသင်းက ၁၅ ပွဲကစား ကိုးမှတ်ရထားပြီး ရခိုင်ယူနိုက်တက်အသင်းမှာမူ ၁၃ ပွဲကစား ပွဲတိုင်းအရေးနိမ့်ကာ အမှတ်မရသေးပေ။

သတင်း-ကိုညီလေး
ဓာတ်ပုံ- MNL