MNL ပြိုင်ပွဲတွင် ရန်ကုန်နှင့် ဒဂုံအသင်း ဂိုးပြတ်အနိုင်ရ

ရန်ကုန်  ၁၆ ဇွန် 

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၂) ကို ဇွန် ၁၅၊ ၁၆ ရက်က ကျင်းပရာ ရန်ကုန်အသင်း ဂိုးပြတ်အနိုင်ရပြီး ထိပ်ဆုံးနေရာသို့ ရောက်ရှိလာသည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဒဂုံအသင်းက မကွေးအသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ တန်းဆင်းအန္တရယ်ရှိနေသည့် အသင်းနှစ်သင်း၏ တွေ့ဆုံမှုဖြစ်ပြီး ဒဂုံအသင်းက ဂိုးပြတ်အနိုင်ယူကာ ဇယားအောက်ဆုံးမှ ရုန်းထွက်နိုင်ခဲ့သည်။ ဒဂုံအသင်းသည် နည်းပြသစ်ဦးကျော်လွင်လက်ထက် ပထမဆုံး အမှတ်ပေးပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဂိုးပြတ်အနိုင်ရလဒ်ကြောင့် ဇယားအောက်ဆုံးမှ ရုန်းထွက်နိုင်ခဲ့သည်။ 

 

နှစ်သင်းစလုံး အမှတ်လိုနေသောကြောင့် လူစုံထုတ်ကစားခဲ့ပြီး နိုင်ငံခြားသားကစားသမားများ ပါဝင်သည့် ဒဂုံအသင်းက ရုန်းအားပိုကောင်းခဲ့သည်။ ရာသီဝက်အပြောင်းအရွှေ့ကာလတွင် နိုင်ငံခြားသားကစားသမားသုံးဦးစလုံး လဲလှယ်ခဲ့သည့် ဒဂုံအသင်းသည် မကွေးထက် ကစားပုံပိုကောင်းခဲ့သည်။ မကွေးအသင်းသည် ဂိုးရရန်ကြိုးပမ်းသော်လည်း အချိတ်အဆက်လွဲခြင်း၊ တိုက်စစ်ကစားပုံ ထိရောက်မှုမရှိခြင်းတို့ကြောင့် ဂိုးသွင်းခွင့်အနည်းငယ်သာရခဲ့သည်။ ၃၂ မိနစ်တွင် ဒဂုံအသင်း ဂိုးစရခဲ့ပြီး မကွေးနောက်ခံလူ စိုးမြတ်သူ ဖျက်ထုတ်ရာမှ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းအစတွင်လည်း ဒဂုံအသင်းကသာ ပိုဖိကစားနိုင်ခဲ့ပြီး ၅၁ မိနစ်တွင် အောင်ခိုင်ထွန်းက ဒုတိယဂိုး၊ ၅၈ မိနစ်တွင် ထရာအိုယေးက တတိယဂိုးသွင်းယူခဲ့သည်။ မကွေးအသင်းသည် ယခုပွဲအရှုံးကြောင့် ဇယားအောက်ဆုံးမှအသင်းနှင့် တစ်မှတ်သာကွာတော့ပြီး ဖိအားပိုများသွားသည်။

 

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက ရခိုင်အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။ ပထမအကျော့အပြီး ဇယားထိပ်ပိုင်းတွင် ရပ်တည်ခဲ့သည့် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့ နိုင်ပွဲပျောက်ဆုံးမှုကို ရန်ကုန်အသင်းက အသုံးချကာ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။ ရန်ကုန်အသင်း အတွက်အနိုင်ဂိုးများကို ၁၀ မိနစ်တွင် ကောင်းထက်စိုး၊ ၂၂ မိနစ်တွင် မီလာ၊ ၇၈ မိနစ်တွင် ဆယ်လာနှင့် ၉၀+၂ မိနစ်တွင် သန်းပိုင်တို့က သွင်းယူခဲ့သည်။ ဇွန် ၁၅ ရက်က ကျင်းပသည့်ပွဲများတွင် ဧရာဝတီအသင်းက Southern အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့ပြီး ရှမ်းယူနိုက်တက်နှင့် Chinland ပွဲတွင် တစ်ဂိုးစီသရေ၊ ဇွဲကပင်နှင့် စစ်ကိုင်းပွဲတွင် နှစ်ဂိုးစီသရေ၊ ဟံသာဝတီနှင့် ရတနာပုံပွဲတွင် ဂိုးမရှိသရေကျခဲ့သည်။

 

ပွဲစဉ် (၁၂) အပြီးတွင် ရန်ကုန်အသင်းက ၂၃ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းက ၂၂ မှတ်စီ၊ ဧရာဝတီနှင့် ရတနာပုံအသင်းက ၂၁ မှတ်စီ၊ စစ်ကိုင်းအသင်းက ၂၀ မှတ်၊ ရခိုင်အသင်းက ၁၆ မှတ်၊ ဇွဲကပင်အသင်းက ၁၁ မှတ်၊ မကွေးအသင်းက ၁၀ မှတ်၊ ဒဂုံ၊ Chinland နှင့် Southern အသင်းက ကိုးမှတ်စီရရှိထားသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-ဖိုးသော်ဇင်