MNL ပြိုင်ပွဲတွင် ဇွဲကပင်၊ ဧရာဝတီ၊ ရတနာပုံနှင့် ရခိုင်အသင်း အနိုင်ရ

ရန်ကုန် ၇ မတ်

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကွင်းလေးကွင်း၌ ဆက်လက်ကျင်းပရာ ဇွဲကပင်၊ ဧရာဝတီ၊ ရတနာပုံနှင့် ရခိုင်အသင်းတို့ အနိုင်ရရှိခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင်အသင်းက Southern အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ တန်းဆင်းဇုန်အတွက် အရေးပါသည့်ပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့သည့် ဇွဲကပင်အသင်းသည် အဆင့် ၁၀ နေရာသို့ ရောက်ရှိသွားခဲ့သည်။ ရှစ်ပွဲဆက်တိုက် နိုင်ပွဲမရသေးသည့် ဇွဲကပင်အသင်းသည် ယခုပွဲတွင် ရုန်းကန်ခဲ့ပြီး ပထမဆုံးနိုင်ပွဲနှင့်အတူ တန်းဆင်းဇုန်အတွင်းမှ ရုန်းထွက်နိုင်ခဲ့သည်။ ဇွဲကပင်အသင်းသည် ပထမဆုံးနိုင်ပွဲကြောင့် ဖိအားအနည်းငယ်လျော့သွားသော်လည်း Southern အသင်းမှာမူ တန်းဆင်းဇုန်အတွင်း ပြန်လည်ရောက်ရှိသွားကာ လက်ကျန်ပွဲများတွင် ရုန်းကန်ရတော့မည်ဖြစ်သည်။

 

နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး နိုင်ငံခြားသား ကစားသမားသုံးဦးပါဝင်သည့် ဇွဲကပင်အသင်းက ရုန်းကန်အားပိုကောင်းခဲ့သည်။ Southern အသင်းသည် ပြီးခဲ့သည့်နှစ်ပွဲတွင် ကစားခဲ့သည့် ခြေစွမ်းမျိုးပြန်မရခဲ့ဘဲ တိုက်စစ်ကစားပုံမှာလည်း အမှားများခဲ့သောကြောင့် ဇွဲကပင်အသင်း၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်။ ဇွဲကပင်အသင်းသည် ပွဲစကတည်းက ဖိကစားနိုင်သော်လည်း အဆုံးသတ်အားနည်းမှုကြောင့် ပထမပိုင်းပြီးခါနီးမှ ဂိုးစတင်ရရှိခဲ့သည်။ ဇွဲကပင်အသင်းအတွက် အဖွင့်ဂိုးကို မင်းဇော်စိုးက သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် Southern အသင်း ချေပဂိုးပြန်ရရန် ကြိုးစားသော်လည်း ဇွဲကပင်အသင်းကသာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး တိုက်စစ်မှူးယာစင်၏ သွင်းဂိုးများကြောင့် ဂိုးများထပ်မံရရှိခဲ့သည်။ ဇွဲကပင်အသင်းအတွက် ဂိုးများကို ယာစင်က ၅၆၊ ၇၆ မိနစ်တွင် သွင်းယူခဲ့သည်။ Southern အသင်းအတွက် ချေပဂိုးကို ၉၀+၄ မိနစ်တွင် ကောင်းစည်သူက သွင်းယူခဲ့သည်။

 

ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ရန်ကုန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရှစ်ပွဲဆက် ရှုံးပွဲမရှိသေးသည့်နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး ဧရာဝတီအသင်းက ဒုတိယပိုင်းတွင် သွင်းယူသည့်တစ်ဂိုးတည်းဖြင့် အနိုင်ရကာ ရလဒ်ကောင်းပိုင်ဆိုင်ခဲ့သည်။ ဧရာဝတီအသင်းသည် ဇယားထိပ်ပိုင်းမှ အသင်းများနှင့် တွေ့ဆုံသည့်ပွဲများတွင် ရလဒ်ကောင်းများ ဆက်တိုက်ရယူနိုင်ခဲ့ပြီး ဟံသာဝတီပြီးနောက် ရန်ကုန်အသင်းကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းမှာမူ ပထမဆုံးရှုံးပွဲနှင့်အတူ တတိယနေရာအထိ ဆင်းပေးခဲ့ရသည်။ နှစ်သင်းစလုံး လူစုံထုတ်ကစားခဲ့သလို ခြေစွမ်းအရ ကွာခြားမှုမရှိဘဲ ဂိုးသွင်းခွင့်များ အပြန်အလှန်ရရှိခဲ့သည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးကို ၆၇ မိနစ်တွင် ဆာဆက်က ခေါင်းတိုက်သွင်းယူခဲ့သည်။ မန္တလာသီရိကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ချင်းယူနိုက်တက် အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ခုနစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့သည်။

 

ရတနာပုံအသင်းသည် နိုင်ပွဲရသော်လည်း နောက်မှလိုက်ကစားခဲ့ရပြီး တန်းဆင်းဇုန်အတွင်းမှ ချင်းယူနိုက်တက်အသင်း ရုန်းကန်ခဲ့သော်လည်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။ ၁၇ မိနစ်တွင် ဆင်မြူရယ်က ချင်းယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၆၉ မိနစ်တွင် ဝင်းနိုင်စိုးက ရတနာပုံအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ရတနာပုံအသင်းအတွက် အနိုင်ဂိုးကို ၇၉ မိနစ်တွင် လှိုင်းဘိုဘိုက သွင်းယူခဲ့သည်။ ဝေသာလီကွင်း၌ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းက စစ်ကိုင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရခိုင်အသင်းသည် လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ရခိုင်အသင်းအတွက် ဂိုးများကို ၉ မိနစ်တွင် မင်းကိုသူ၊ ၈၆ မိနစ်တွင် အောင်ကျော်သူတို့က သွင်းယူပြီး စစ်ကိုင်းအသင်းအတွက် ချေပဂိုးကို ၄၃ မိနစ်တွင် ဖရိုင်းဒေးက သွင်းယူခဲ့သည်။

 

ပွဲစဉ် (၉) နောက်ဆုံးနေ့ကို မတ် ၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် အားကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်