MNL ပြိုင်ပွဲတွင် GFA နှင့် ရခိုင်ယူနိုက်တက် သရေကျ

အောက်တိုဘာ ၂၀

 ၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) နောက်ဆုံးနေ့ကို အောက်တိုဘာ ၂၀ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ GFA နှင့် ရခိုင်ယူနိုက်တက်အသင်း နှစ်ဂိုးစီသရေကျခဲ့သည်။

၁၃ ပွဲဆက်တိုက် အရေးနိမ့်ထားသည့် ဇယားအောက်ဆုံးမှ ရခိုင်ယူနိုက်တက်အသင်းသည် ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီး ပထမဆုံးရမှတ် ရယူနိုင်ခဲ့သည်။ တန်းဆင်းဇုန်အတွက် နှစ်သင်းစလုံးအရေးပါသဖြင့် အားကုန်ထုတ်ကြိုးပမ်းခဲ့ပြီး GFA အသင်းသည် နှစ်ဂိုးအရှုံးမှ နှစ်ဂိုးပြန်သွင်းကာ သရေတစ်မှတ်ရယူနိုင်ခဲ့သည်။

နှစ်သင်းစလုံး နိုင်ငံခြားသားကစားသမားများအပါအဝင် လူစုံအသုံးပြုခဲ့ပြီး ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သည်။ ပွဲအစ ခြောက်မိနစ်မှာပင် ရခိုင်ယူနိုက်တက်အသင်း ဂိုးစတင်ရရှိခဲ့ပြီး သန်းကျော်ဌေးက သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ပထမပိုင်းပြီးခါနီးတွင် သက်ထွန်းအောင်က ရခိုင်ယူနိုက်တက်အသင်းအတွက် ဒုတိယဂိုးသွင်းယူခဲ့သည်။ ပထမပိုင်းတွင် နှစ်ဂိုးပြတ်အရေးနိမ့်နေသည့် GFA အသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးရရန် ကြိုးပမ်းလာပြီး ၇၂ မိနစ်တွင် သန်းတိုးအောင်နှင့် ၇၈ မိနစ်တွင် လှိုင်မျိုးအောင်တို့က နှစ်ဂိုးဆက်သွင်းယူကာ ပွဲအပြီးတွင် နှစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် (၁၆) အပြီးတွင် လက်ရှိချန်ပိယံ ရှမ်းယူနိုက်တက်အသင်းက ၁၄ ပွဲကစား ရမှတ် ၃၆ မှတ်ဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်လျက်ရှိပြီး ရန်ကုန်အသင်းက ၁၄ ပွဲကစား ၂၉ မှတ်၊ ဟံသာဝတီအသင်းက ၁၅ ပွဲကစား ၂၉ မှတ်၊ ရတနာပုံအသင်းနှင့် မြဝတီအသင်းက ၁၄ ပွဲကစား ၂၄ မှတ်စီ၊ ဧရာဝတီအသင်းက ၁၄ ပွဲကစား ၂၃ မှတ်၊ အားကာသိပ္ပံအသင်းက ၁၄ ပွဲကစား ၂၁ မှတ်၊ GFA အသင်းက ၁၅ ပွဲကစား ၁၀ မှတ်၊ မဟာယူနိုက်တက်အသင်းက ၁၆ ပွဲကစား ၁၀ မှတ်၊ ရခိုင်ယူနိုက်တက်အသင်းက ၁၄ ပွဲကစား တစ်မှတ် ရရှိထားသည်။`

သတင်း-ကိုညီလေး
ဓာတ်ပုံ-MNL