MNL ပြိုင်ပွဲတွင် ဧရာဝတီနှင့် စစ်ကိုင်းနိုင်ပွဲရပြီး ဟံသာဝတီအသင်း ပထမဆုံးရှုံးပွဲကြုံတွေ့

၂၉ ဖေဖော်ဝါရီ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကွင်းသုံးကွင်း၌ ကျင်းပရာ ဧရာဝတီနှင့် စစ်ကိုင်းအသင်း နိုင်ပွဲရပြီး ဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်း ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့သည်။

 

ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ဟံသာဝတီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဇယားထိပ်ပိုင်းက ရှုံးပွဲမရှိသည့် နှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး ဟံသာဝတီအသင်း၏ ခုနစ်ပွဲဆက် နိုင်ပွဲမှတ်တမ်းမှာ အဝေးကွင်း၌ ရပ်တန့်ခဲ့ရပြီး ဧရာဝတီအသင်းကို အရှုံးပေးခဲ့ရသည်။ ဧရာဝတီအသင်းမှာမူ အိမ်ကွင်း၌ ရလဒ်ကောင်းရယူနိုင်ခဲ့ပြီး ထိပ်ဆုံးမှ ဟံသာဝတီအသင်းနှင့် အမှတ်ကွာဟမှုကို လျော့ချကာ တစ်မှတ်သာကွာဟတော့သည်။ ဟံသာဝတီအသင်းသည် ယခုရာသီ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့သော်လည်း ဇယားထိပ်ဆုံး၌ ဆက်လက်ရပ်တည်လျက်ရှိသည်။

 

နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး နိုင်ပွဲရရန် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သည်။ ဟံသာဝတီအသင်းသည် အဝေးကွင်း၌ ပုံစံကောင်းပြသနိုင်ခဲ့ပြီး ထောင့်ကန်ဘောများမှ ဂိုးရနိုင်သည့်အနေအထားများရှိခဲ့ပြီး အသုံးမချနိုင်ခဲ့၍သာ ဂိုးမရခဲ့ခြင်းဖြစ်သည်။ ၂၅ မိနစ်တွင် ဟံသာဝတီကွင်းလယ်လူ ဘိုဘိုနိုင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီး ၂၉ မိနစ်တွင် ဧရာဝတီကွင်းလယ်လူ တင်ဝင်းအောင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရ၍ နှစ်သင်းစလုံး ၁၀ ဦးတည်းဖြင့် ကစားခဲ့ရသည်။ ဒုတိယပိုင်းအစတွင် ဧရာဝတီအသင်း အနိုင်ဂိုးရခဲ့ပြီး ရာဇာအောင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် ဟံသာဝတီအသင်း ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း ဧရာဝတီအသင်း ခံစစ် အမှားအယွင်းမရှိခဲ့သလို တိုက်စစ်မှူးများမှာလည်း အဆုံးသတ်အားနည်းခဲ့သောကြောင့် ဧရာဝတီအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

မုံရွာကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းက မကွေးအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ စစ်ကိုင်းအသင်းသည် အိမ်ကွင်း၌ ပုံစံကောင်းပြသနိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခြဲ့ခင်းဖြစ်သည်။ စစ်ကိုင်းအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး အနိုင်ဂိုးများကို ၂၃ မိနစ်တွင် တိုးဆက်နိုင်၊ ၄၉ မိနစ်တွင် ကောင်းထက်ကျော်၊ ၇၆ မိနစ်တွင် ပက်ထရစ်၊ ၈၃ မိနစ်တွင် အောင်ကိုကိုဝင်းတို့က သွင်းယူခဲ့သည်။ မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် Southern အသင်းနှင့် ရတနာပုံအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့် အသင်းနှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ Southern အသင်းအတွက် ဦးဆောင်ဂိုးကို မိနစ် ၂၀ တွင် ရန်ကျော်ထွေးက သွင်းယူခဲ့ပြီး ရတနာပုံအတွက် ချေပဂိုးကို ၈၁ မိနစ်တွင် ဝင်းနိုင်စိုးက ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။ ပွဲချိန် ၆၅ မိနစ်တွင် ရတနာပုံအသင်းနောက်ခံလူ အောင်ဝဏ္ဏစိုးနှင့် Southern တိုက်စစ်မှူး ရန်ကျော်ထွေးတို့ အချင်းများပြီး အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

 

ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသည့်ပွဲတွင် အားကာသိပ္ပံအသင်းနှင့် ဇွဲကပင်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။

 

ပွဲစဉ် (၈) နောက်ဆုံးနေ့ကို မတ် ၁ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ